နာနတ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို တိတိကျကျ သိနားလည်မှု ရှိစေဖို့အတွက် ရေးသားလိုက်ရပါတယ်။
(၁)
နာနတ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဘရိုမီလိန်း (Bromelain)
ပါဝင်တာကြောင့် ဂေါက်အဆစ်အမျက်ရောင်နာ၊ အဆစ်အမျက်ရောင် ရောဂါ၊
လည်ချောင်းနာတာနဲ့ နှာခေါင်း ကလိုင်ရိုး ရောင်ရမ်းမှုတို့ကြောင့် ဖြစ်ရတဲ့
ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
(၂) နာနတ်သီးမှာ ဗီတာမင်စီနဲ့ မဂ္ဂနိစ်တို့ အများအပြား ပါဝင်နေပါတယ်။
(၃) နာနတ်သီးမှာ ဆာလဖာများစွာ ပါဝင်တာကြောင့် အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။
(၄)
နာနတ်သီးဟာ ရိုးရိုးခွဲစိတ်ကုသမှု၊ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အနာနဲ့
ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ ဆက်စပ်နေတဲ့ တစ်သျှူးပြုပြင်မှုတို့ကို
ကောင်းမွန်စေပါတယ်။
(၅) နာနတ်သီးဟာ သွေးအားနည်းရောဂါနဲ့ သွေးကြောကျဉ်းရောဂါတွေကို ကုသရာမှာ အစွမ်းထက်ပါတယ်။
(၆) နာနတ်သီးဟာ နမိုးနီးယား အဆုတ်ရောင်တာနဲ့ လေပြွန်ရောင်တာတွေကြောင့် နာမကျန်းဖြစ်နေသူတွေမှာ လေပြွန် ကြည်လင်စေပါတယ်။
(၇) ခွဲစိတ်ကုသမှု ခံယူပြီးချိန်နဲ့ အားကစားကြောင့် ထိခိုက်ဒဏ်ရာ ရပြီးချိန်တွေမှာ ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။
(၈) နာနတ်သီးက အရိုးတွေ ကျန်းမာနေအောင် တည်ဆောက်ရာမှာ ကူညီပါတယ်။
(၉) နာနတ်သီးက ခံတွင်းကျန်းမာရေးကို ကောင်းစေပြီး သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၁၀) နာနတ်သီးမှာ ပြည့်ဝဆီ၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်ပါဝင်မှု လျော့နည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပါတယ်။
(၁၁) နာနတ်သီးက ခန္ဓာကိုယ်တွင်းက ဂလင်းတွေကို ဟန်ချက်ညီစေပြီး လည်ပင်းကြီးရောဂါကို သက်သာစေပါတယ်။
(၁၂) လတ်ဆတ်တဲ့ နာနတ်သီးဖျော်ရည်က အူလမ်းကြောင်းတစ်လျှောက်မှာ သန်ကောင်တွေကို ကင်းစေနိုင်ပါတယ်.
FROM : HEALTHY ARTICLES
သူငယ်ချင်းများကိုမျှဝေချင်သောကြောင်. HEALTHY ARTICLES မှ
ကူးယူဖော်ပြသည်.
ကြက်မောက်သီး၏ ကျန်းမာရေးစွမ်းပကား
ကက်မောက်သီးအခွံက
အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင်သန်းနေပြီး အရသာအနေနဲ့
ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃
ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁
ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့
ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရတန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို
စားပေးရင် အောက်ပါ ကျန်းမာရေးစွမ်းပကားတွေကို ရရှိစေပါတယ်။
-
ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့
များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့်
ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ
ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း
(ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ်နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊
ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။
-
ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ
ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊
သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ
အသုံးပြုခဲ့ကြပါတယ်။
-
ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းတို့ များစွာ ပါဝင်တဲ့အပြင်
ဖလေဗိုးနွိုက်လို့ခေါ်တဲ့ အပင်ထွက် အင်တီအောက်ဆီးဒင့်လည်း ပေါများစွာ
ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို
လျော့ကျစေပြီး ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့
ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။
-
ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ
ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင်
ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက်သီး Extract ကို ဆေးဝါး
ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။
-
ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂
လုံးမှာ အက်စ်ကောဗစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး
လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။
ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ
ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
-
ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေးအတွက် လိုအပ်တဲ့
ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့
ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။
-
ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ်အရင်းအမြစ်
ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာပါတဲ့ သံဓာတ်ဟာ
ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာရအောင် ကူညီပေးနိုင်ပြီး
သွေးအားနည်းတာကြောင့် မူးဝေတာ၊ နုံးချည့်ပင်ပန်းတာနဲ့
ဖျော့တော့နွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
-
ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့
ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ
ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး
တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင်
ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။
-
ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့
ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့်ခိုင်ခံ့စေဖို့ အတူတွဲပြီး
အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရဆိုင်ရာ အကျိုးကျေးဇူးတွေအပြင်
ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။
-
ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါးကောင်တွေကို
သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မလေးရှားမှာ ရိုးရာ
အနာကျက်ဆေးအဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာနေသူတွေကို
ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်းဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ
ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
ကြယ်စင်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-58599
ကိုယ်ရဲ့စိတ်က
နုပျိုနေသလောက် ကိုယ်ကပါ နုပျိုနေဖို့ အချိန်တွေ၊ ငွေတွေ အများကြီး
အသုံးပြုရမယ်လို့ ထင်နေပါသလား။ မလိုပါဘူး။ ကိုယ့်ရှိရင်းစွဲ အသက်ထက်
ဆယ်နှစ်လောက် ပိုငယ်တယ်လို့ ထင်စေနိုင်တဲ့ နည်းတွေ ရှိပါတယ်။
အချိန်မကုန်၊ ငွေမကုန်ဘဲ ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေပါ။
(၁) လက်သည်းနီ ဆိုးခြင်း
လူအများစုက
အမျိုးသမီးတွေရဲ့ လက်သည်းကို ကြည့်ပြီး အသက်အရွယ် ခန့်မှန်းတတ်ကြပါတယ်။
လက်သည်းနီ မဆိုးတတ်သူတွေကတော့ ခြွင်းချက်ပေါ့လေ။ လက်သည်းနီ ဆိုးထားတဲ့
အမျိုးသမီးတွေသာ ပါတဲ့ ဓာတ်ပုံကို ကြည့်ပါက လူအများစုက
ထိုလက်သည်းပိုင်ရှင် အမျိုးသမီးကို လူငယ်လို့ပဲ ထင်တတ်ကြပါတယ်။ နောက်ပြီး
လက်သည်းနီ အရောင်လှလှ ဆိုးထားပါက တစ်ဖက်လူရဲ့ အာရုံက လက်သည်းဆီပဲ
ရောက်သွားတာကြောင့် ရုပ်ရင့်နေတာကို သတိ မထားမိတော့ပါဘူး။
(၂) မတ်မတ်ရပ်ခြင်း
ခေါင်းရော၊
ပခုံးပါ မတ်မတ်ရပ်ပါက လူကိုအမြင်မှာ ပိန်သွားစေနိုင်သလို
အသက်ငယ်သလိုလည်း ထင်ရစေပါတယ်။ ကျွန်မတို့ အားလုံးဟာ အသက်ကြီးလာတာနဲ့အမျှ
တဖြည်းဖြည်း ခါးကုန်းလာတာကြောင့် ခါးကုန်းနေရင် အသက်ကြီးနေပြီလို့
သတ်မှတ်တတ်ကြပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုသယောင် ဖြစ်စေအောင်
ခန္ဓာကိုယ်ကို မတ်မတ်နေပါ။
(၃) အရောင်ရောစပ် ဝတ်ဆင်ခြင်း
အပေါ်အောက်
အရောင်တူလွန်းအောင် အရမ်းသတိထားပြီး တွဲဝတ်တာမျိုးက ရှေးခေတ်
ဒီဇိုင်းမျိုးပါ။ အရောင်တွေကို ရောစပ် ဝတ်ဆင်ပါမှ ဒိတ်မအောက်မှာပါ။
အစိမ်းနဲ့အဝါ၊ ပန်းရောင်နဲ့ခရမ်း၊ အညိုနဲ့အနက် စသဖြင့် ရောစပ်ဝတ်ဆင်ပါ။
အရောင်နုတွေကလည်း အရွယ်နုပျိုစေတာကြောင့် အရောင်နုနုလွင်လွင်လေးတွေ
ဝတ်ပေးပါ။
(၄) လက်ဟန်ခြေဟန်နှင့် စကားပြောခြင်း
စကားပြောရာမှာ
လက်ဟန်ခြေဟန်ပါ အသုံးပြုပြီး ပြောပါက ပိုပြီး စိတ်အားထက်သန်ကာ
သွက်လက်ပုံ ပေါက်ပါတယ်။ ငယ်ရွယ်တဲ့သူတွေက သွက်လက် ဖျတ်လတ်ကြပါတယ်။ ဒါဟာ
ငယ်ရွယ်သူတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူတွေပါ။ ဒါကြောင့် နုပျိုချင်ရင်
အင်တိုက်အားတိုက် လက်ဟန်ခြေဟန် သုံးပြီး စကားပြောဆိုပါ။
(၅) နှုတ်ခမ်းနီ ပန်းရောင်ဆိုးခြင်း
ကိုယ့်အသားအရောင်က
ဘယ်လိုပဲ ဖြစ်နေပါစေ နှုတ်ခမ်းဆိုးဆေး ပန်းရောင် ပြောင်ပြောင်လေး
ဆိုးထားပါက နှုတ်ခမ်းပြည့်ပြည့်လေး ဖြစ်ကာ ငယ်ရွယ် နုပျိုစေနိုင်ပါတယ်။
အင်ဂျလီနာဂျိုလီကိုပဲ ကြည့်ပါ။ သူ့နှုတ်ခမ်းဟာ ပလတ်စတစ်ဆာဂျရီ
ဆေးခန်းတွေမှာ အတောင်းအများဆုံး နှုတ်ခမ်းပုံစံပါပဲ။ သူ့နှုတ်ခမ်းဟာ
အမြဲလိုလို နှုတ်ခမ်းနီပန်းရောင်ကို နှုတ်ခမ်းအဆီ (Lip Gloss)နဲ့ တွဲဆိုးလေ့
ရှိတာကို တွေ့ရမှာပါ။ အသက်ခပ်ကြီးကြီး အမျိုးသမီးနေရာမှာ
သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းတွေက လွဲလို့ တခြားအချိန်တွေမှာ
နှုတ်ခမ်းပန်းရောင် စိုစိုလေးနဲ့ တွေ့ရလေ့ ရှိပါတယ်။
(၆) ခြေလှမ်းကျဲကျဲ လှမ်းခြင်း
လေ့လာချက်တွေအရ
လမ်းလျှောက်ပါက စိတ်လက်ပေါ့ပါးစွာနဲ့ ခြေလှမ်းကျဲကျဲ
လျှောက်လေ့ရှိသူတွေဟာ လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ လူတွေဟာ
အသက်ကြီးလာတာနဲ့အမျှ ခြေလှမ်း စိတ်သွားတတ်ကြပါတယ်။ ခြေလှမ်းကျဲကျဲနဲ့
လမ်းမြန်မြန် လျှောက်ခြင်းဖြင့် ပုံစံက ငယ်ရွယ်နေသလို နုပျိုလန်းဆန်းတဲ့
စိတ်ခံစားမှုကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၇) Accessory ထည့်ဝတ်ခြင်း
Accessory
အများကြီးလည်း မလိုပါဘူး။ လည်စည်းပဝါရှည် ကောင်းကောင်း တစ်ခု
ဆောင်ထားရုံနဲ့ အဆင်ပြေပါတယ်။ လည်ပင်းကို ပဝါနဲ့ နှစ်ပတ်လောက်
ခပ်ချောင်ချောင် ပတ်ပြီး အစွန်းနှစ်ဖက်စလုံးကို ရှေ့မှာ ချထားလိုက်ပါ။
မျက်နှာကို ပိုအာရုံစိုက်စေကာ လှပတဲ့ မျက်နှာအစိတ်အပိုင်းတွေကို
သတိထားစေမှာပါ။
( ၈) ရေမွှေးနံ့ ပြောင်းခြင်း
Grape
Fruit အနံ့ ပါရှိတဲ့ ခန္ဓာကိုယ်လိမ်း ပစ္စည်းတွေက အသက်ခြောက်နှစ်လောက်
ငယ်ရွယ် နုပျိုသွားတယ်လို့ ထင်ရစေပါတယ်။ သူရဲ့ အနံ့က တက်ကြွ
လန်းဆန်းစေတာကြောင့် ဒီအနံ့ကို ရှူမိသူတို့ကို ပျော်ရွှင်သွားစေနိုင်ပါတယ်။
တခြားလူတွေ တက်ကြွပါက သင့်အပေါ် မြင်တဲ့ အမြင်တွေပါ လန်းဆန်းနေပြီး
သင်ကိုယ်တိုင်ကလည်း သင့်ရဲ့ အနံ့ကြောင့် ပျော်ရွှင်နေကာ ငယ်ရွယ်နုပျိုတဲ့ပုံ
ပေါက်နေပါတယ်။
(၉) မျက်နှာ ကြေးချွတ်ခြင်း
အသားအရောင်
မညီပါက အသက်ကြီးပုံ ပေါက်စေပါတယ်။ အသားအရောင်ညီဖို့
မျက်နှာကြေးချွတ်ဆေး (Scrub)ကို အသုံးပြုသင့်ပါတယ်။ ပြီးတော့
မျက်နှာအစိုဓာတ် ထိန်းသိမ်းတဲ့ ခရင်မ် (Moisturizer)ကိုလည်း
လိမ်းပေးရပါမယ်။ ဒါမှ ကြည်လင်စိုပြည်တဲ့ အသားအရေနဲ့ နုပျိုပုံ
ပေါက်မှာပါ။
(၁ဝ) ရှေ့ဆံမြိတ် ချခြင်း
ရှေ့ဆံပင်ကို
ဆံမြိတ်ချပါက ငယ်ရွယ်နုပျိုတဲ့ပုံ ပေါက်စေပါတယ်။ ရှေ့ကို တည့်တည့်ပဲ
ချချ၊ ဘေးကို မသိမသာလေး စောင်းပြီးပဲ ချချ ရှေ့ဆံမြိတ်က နှဖူးပေါ်ရှိ
အရေးကြောင်းတွေကို ဖုံးအုပ်ကာ မျက်လုံးဆီကို အာရုံ ပိုရောက်စေပါတယ်။
အားလုံး နုပျိုလန်းဆန်း တက်ကြွနိုင်ကြပါစေ။၊
By Good Health Originally posted 27/09/2011 11:43AM
Shared from http://news.yatanarpon.com.mm/cp/goodhealth/article-37530
မုန်လာဥနီ (Carrots)
အူများဟန်ချက်မညီခြင်း၊ အချိုးအစားမကျခြင်းကို မူလအခြေအနေအတိုင်း ပြန်ရောက်စေ၍ ရောဂါကင်းအောင် အထောက်အကူပြုပါသည်။
ဘီတာကယ်ရိုတင်း (beta-carotene) ပါဝင်တဲ့အတွက် လိမ္မော်ရောင်တောက်တောက်ရှိသော မုန်လာဥနီသည် အလွန် အစွမ်းထက်သော အင်တီအောက်ဆီဒင့်တစ်မျိုးဖြစ်၍ ဗီတာမင် အေ ဖြစ်ပေါ်မည့် ရှေ့ပြေးနိမိတ်တစ်ခုလည်း ဖြစ်ပါသည်။
မုန်လာဥနီမတ်ခွက်တစ်ခွက်အပြည့်သည်
ဒီ အရေးကြီးသည့် ဗီတာမင်အတွက် နေ့စဉ်စားသုံးရန်သင့်သည်။ တစ်ခွက်စာ
စားသုံးရုံဖြင့် ဗီတာမင်ဓာတ် တွေထက် အကြိမ် ၆၀၀ပိုပြီး အထောက် အကူပြုပါသည်။
ဗီတာမင်ကေ၊ ဗီတာမင်စီများ ကြွယ်ဝပြီး အာဟာရဖြစ် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊
ဘီ ဗီတာမင်များ၊ ဖောလစ်အက်ဆစ်၊ မန်းဂနီးစ်၊ molybdenum ၊ မီးစုန်းဓာတ်နှင့်
မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါသည်။
၎င်းတို့ထဲတွင် ရောဂါပိုးမွားဆန့်ကျင်သော၊ မှိုနု အဆိပ်တက်မှုဆန့်ကျင်သော
ဓာတ်ပစ္စည်းများလည်း ပါဝင်ပြီး အူထဲတွင် ဟန်ချက်မညီခြင်းကို
မူလအတိုင်းပြန်ရောက်စေရန် ကူညီလျက်ရောဂါကင်းစေသည့်စနစ်ကို ထောက်ပံ့ပေးပါသည်။
မြောက်မြားစွာသောလေ့လာချက်များအရ မုန်လာဥနီတွင် ဓာတ်စာတစ်ခုကို မြင့်မြင့်မားမားတွေ့ရှိရပြီး အဆုတ်ကင်ဆာကို ကာကွယ်ကူညီ ပေးနိုင်ကြောင်း တွေ့ရပါသည်။
မုန်လာဥနီသည် အသားအရေကို အတွင်းပိုင်းမှအပြင်သို့ အညစ်အကြေးသန့်စင်အောင်ပြုလုပ်ရာတွင် ကူညီကြောင်း သာဓကများ တွေ့ ရှိရသည်။
HEALTH ARTICLES မှကူးယူဖော်ပြသည်..
ရုံးပတီသီး -Okra - Lady Fingers -Gumbo
ကျွန်မအရမ်းကြိုက်တဲ. အသီးတစ်မျိုးပါ..အစိမ်းတို.စားရတာကိုပိုကြိုက်ပါတယ်..
အရိုးကို သန်မာစေသည်။
လုံးကို ကာကွယ်သည်။
အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါးစေသည်။
သွးပေါင်ချိန်ကို ထိန်းပေးသည်။
သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။
ရုံးပတီသီးစားတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ဗိုက်တာမင် အေနဲ့ 
စီပါပါတယ်။ အသားအရည် လှတယ်။ ရုံးပတီသီးမှာ fiber ပါတာများတဲ့အတွက် ၊
ပိန်အောင်လုပ်တဲ့ အချိန်တွေမှာလည်း ရုံးပတေသီး စားကြတယ် လို့  သိရတယ်။
ဝိတ်လျှော့ချင်တဲ့သူတွေ စားသင့်ပါတယ်။
HEALTH ARTICLES မှကူးယူဖော်ပြသည်.
သခွားသီး ( Cucumber)
သခွားသီးသည်လည်း
ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း
သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊
အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက်
အထူးကောင်းမွန်စေပါတယ်… အဆီပြန်တတ်သူများအတွက်လည်း
ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင်
သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး
ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော
မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို
နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး
မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း
ကျဉ်းစေနိုင်ပါတယ်..
HEALTH ARTICLES မှကူးယူဖော်ပြသည်
1. ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့် အချက်များကို
ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို
ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် ၁ဝ ပတ်ခန့်တွင် Scan
ရိုက်လို့ ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ Website e-book
များကိုလည်း ဖော်ပြပေးပါ။
2. သမီးမှာ ကိုယ်ဝန် ၇ ပတ်ရှိနေပါတယ်။
ဘာအစားအသောက်များ ရှောင်ရမလဲရှင့်။ သမီးက အန်လဲအန်တယ်။ အအန်သက်သာစေမဲ့
နည်းလမ်းများ ရှိပါသလား ညွှန်ပြပေးပါ။ ဘာအစားအသောက်များ ပိုစားရမလဲဆိုတာပါ
ရေးပေးပါရှင့်။
3. Morning sickness ကကိုယ်ဝန်ဘယ်နှပတ်လောက်မှာ
စတတ်ပါသလဲ ဆရာ။ အဲဒါ ဘာတွေပါလဲရှင့်။ ကိုယ်ဝန် ၂ ပတ်ဆိုတာ
ဖြစ်နိုင်ပါ့မလား ဆရာ။ သမီး လွန်ခဲ့တဲ့ ၂ ပတ်နဲ့ ၄ ရက်ကမှ
ဓမ္မတာပေါ်ထားတာပါရှင့်။ ဒါပေမယ့် ဆီးစစ်တော့ Positive ဖြစ်နေပါတယ်ရှင့်။
ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုလ် ၂ ဆ ရပါတယ်။ တခါတလေ ပိုသေးတယ်။
ကိုယ်ဝန်ဆောင်ပြီ
ဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။
ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊
မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care)
ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ
ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး
မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင် မပါဘဲ
မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူးပေါ့။
ANC
ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊
ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး
ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင်
ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။
စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း
ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။
နောက်ဆုံး
ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ Last menstrual period
(LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ Expected due
date (EDD) မွေးမဲ့ ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ
တမျိုးပေါ့။ Ultrasound Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days
ဘယ်လောက် ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို
ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ)
လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့
သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။
ကိုယ့်မှတ်ရက်
LMP နဲ့ တွက်တာက (အာလ်ထွာ-ဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။
ကိစ္စမရှိဘူး။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။
ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၇၉ ယောက် မွေးတဲ့အထဲက ရက်အတိအကျ
မွေးသွားတာ ၃ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၇ ယောက်ဘဲ ရှိတယ်။
ကိုယ်ဝန်အပ်ပြီး
နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃
ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊
နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး
လာဘို့ မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။
ပျက်ကျတတ်တယ်။ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ
ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip
သွင်းပေးရတတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး
(အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။
ကိုယ်ဝန်ဆောင်
အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့
ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက်
ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း
သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။
ဆေးကုပ္မဏီတွေကလဲ
ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို
မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့
ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ်
မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း
စလောင်းနဲ့တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။
သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ ထည့်ရောင်းတော့ ဈေးကြီးသွားရော။
တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ ဗီတာမင်
ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလားမသိဘူး။ (ဘီပီအိုင်) ကနေ Furamin
BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို
ထုတ်လုပ်တဲ့ ဆေးကုပ္မဏီ နာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်း
နိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို
ပုံမှားရိုက်ကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့။
သံဓါတ်က
ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင်
တခြားဝမ်းနုတ်ဆေးတွေထက် ဝမ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of
Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ
သောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊
သင်္ဘောသီးမှည့် မှီဝဲပါ။
မိခင်လောင်း တဦးချင်း
မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။
တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ
စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ်
ထိုးဆေး ထိုးပါ။ နားလည်တဲ့သူကို ထိုးပါစေ။ ဒီဆေးက အပ်မသေးတာ-မတိုတာနဲ့
တင်ပါးမှာ ခပ်နက်နက် ထိုးရတယ်။ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင်
စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။
ဗိုက်လာအပ်ရင်
လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်းဆိုတဲ့
ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ်
နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။
သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ်မွေးတာတွေ ရှိတာဘဲ။
ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေးရဲ့ Fetal heart
sound (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ
သိပ်သဘောကျဘို့ ကောင်းလှတယ်။
ဆရာဝန်-ဆရာမက သေခြာပေါက်
ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့ သားအိမ်ကို ဆီးစပ်ရိုး အထက်မှာ
စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂ဝ ပါတ်၊
ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့
အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ မွေးကာနီး ကလေးခေါင်းက
အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။
တချို့ကိုယ်ဝန်ဆောင်တွေက
၁၃-၁၆ ပါတ်ကတည်းက အထဲက ကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ
သိတယ်။ အဲလို ပဌမဦးဆုံး ကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင်
အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို
ပြုံးနေတတ်တာ မိခင်မေတ္တာ။
သွေးစစ်တာမှာ A, B, AB, O
သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင်
ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့
သိစေတယ်။ VDRL က Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV
ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း
စစ်တယ်။
ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲမှာ
Albumin (အယ်လ်ဗျူမင်) (ပရိုတင်းဓါတ်) ပါနေတတ်တယ်။ ဆီးလမ်း
ပိုးဝင်ရင်လဲ ဒါပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ
စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။
Ultrasound
Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။
အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အဝတ်အစား
ချွတ်လို့ လွယ်တာ ဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ
သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂ဝ ပါတ်)
ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက်ထပ်
သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက
သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ကလေးက
ဒေါင်လိုက်လား၊ ကန့်လန့်လား။
ကိုယ်ဝန် နောက်ပိုင်းမှ
Scan ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက Breech
ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာ
ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံ ပြုနေတတ်တယ်။ စောစော ရိုက်တုံးက
တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့်
Scan ကို စောစော ရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။
တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး
ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။
နီးတာနဲ့ ဖုံးနေတာ ဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။
ကိုယ်ဝန်ဆောင်တုံး
ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးထားပါ။
ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲ ရှိတယ်။
အောက်မှာ
ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ
ဖတ်ကြည့်ပါလေ။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့
သူကြီးလာရင် ဆရာဝန် ဖြစ်ချင်ဖြစ်လာမှာပေါ့။
ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းကို
သာမန်အားဖြင့် ရက်သတ္တ ၄-၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈-၃၆ ပါတ် အတွင်း တလ
၂ ကြိမ်၊ ၃၆ ပါတ်ကနေ မွေးတဲ့အထိ တပါတ်တကြိမ်၊ ANC လုပ်ပေးရမယ်။
ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အသိပညာ ပေးရမယ်။ Body weight အလေးချိန်၊ Blood
pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနဲ့ ကြီးထွားမှုများ
မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။
ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။
ANC မှတ်တမ်းတင်ခြင်း
ကိုယ်ဝန်ရှိဘူးသမျှ
အရေအတွက်ကို G လို့မှတ်ပါ၊ အရှင်မွေးသမျှကို P လို့မှတ်ပါ။
Primigravida သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊
နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0
မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှ မွေးမယ်။ ပျက်တတ်တယ်။
ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။
ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ
ကိုယ်ဝန်ပျက်ဘူး။
နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last
Menstrual Period (LMP) နောက်ဆုံး သွေးဆင်းတဲ့လက ပဌမဆုံး စလာတဲ့နေ့ကို
ယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉
လနဲ့ ၇ ရက် ပေါင်းထည့်ရင် EDD ရတယ်။ EDD ရဲ့ ရှေ့-နောက် ၂ ပါတ်အတွင်း
မွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ
ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်တယ်။ ဒါပေမဲ့ (၃၇-၄၂) ပါတ်လည်း
ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေးမှတ်ရာမှာ ၁ ပါတ် = ၇ ရက်၊ တလ =
၎ ပါတ်၊ တလ = ၃ဝ ရက်နဲ့သာ တထစ်ချတွက်ရပါမယ်။
ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound
Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင်
၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊
အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ်
ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင်
ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နဲ့
စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။
ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
•
ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။
ခါးကုန်းပြီးမ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။
ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး
တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
•
အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့်
အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ်
ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း
လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။
ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့်
အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins
သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး
မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။
အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
•
ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင်
ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို
သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း
အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ
စစ်ဆေးပါ။
ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်
ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti
Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။
Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium
ကယ်လ်စီယမ်၊ ဗီတာမင် B 12
ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ
၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ
စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
ကိုယ်ဝန်ဆောင်မှာ အန်တာ သက်သာစေဘို့ -
•
Pyridoxine ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine
(B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ
ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
•
Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ်
ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။
ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။
Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း
• ကိုယ်ဝန်ရှိတုံး ဆိုးဆိုးရွားရွား အန်တာကို ခေါ်တယ်။ ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။
• ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။
• ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။
• အန်တာ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။
ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေး၊ သတိနဲ့ပေးရမဲ့ဆေးတွေကတော့ -
Arbor
vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree
berry, Chinese angelica, Cinchona, Cotton root bark, Feverfew, Ginseng,
Golden seal, Juniper, Kava kava, Licorice, Meadow saffron,
Pennyroyal, Poke root, Rue, Sage, Senna, Tansy, White peony,
Wormwood, Yarrow, Yellow dock, Vitamin A (များရင်), Isotretinoin,
Etretinate, Phenytoin, Carbamezapine, Ergotamine, Methysergide,
Aspirin, Ibuprofen, Azithromycin, Zithromax, Zmax, Zathrin,
Erythromycin, Clarithromycin, Furazolidone, Prednisolone
မိခင်လောင်းတွေအတွက် ဖတ်စရာတွေ
• Honeymoon Sickness မင်္ဂလာဦးညမှာဖြစ်တာ http://health-adult-reading.blogspot.com/2011/04/honeymoon-sickness.html
• Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://health-adult-reading.blogspot.com/2011/04/honeymoon-cystitis.html
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation.blogspot.com/2011/01/pregnancy-and-air-travel.html
•
Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း
http://dts-medicaleducation.blogspot.com/2011/01/exercising-during-pregnancy.html
•
Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန်
http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-hepatitis-c.html
•
Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး)
http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-prednisolone.html
•
Pregnancy and Rheumatic disease ကိုယ်ဝန်ဆောင်နဲ့ လေးဘက်နာ
http://dts-medicaleducation.blogspot.com/2012/01/pregnancy-and-rheumatic-disease.html?zx=33a96828d9610a9
• Pregnancy and Rubella (ရူဘဲလား) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2010/12/pregnancy-and-rubella.html
•
Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန်
http://dts-medicaleducation.blogspot.com/2011/01/sleeping-pills-and-pregnancy.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-vomiting.html
Dr. တင့်ဆွေ
၁၉-၃-၂ဝ၁ဝ
၁၇-၄- ၂ဝ၁၁ (မြန်မာ့နှစ်သစ်)
Source: http://health.ngoinmyanmar.org/2012/02/anc-antenatal-care.html
ပင်စိမ်းရွက်၏ ဆေးဖက်ဝင်အစွမ်း
ပင်စိမ်းရွက်မှာ
ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့
အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ်
အသိအမှတ်ပြုထားကြတာပါ။
ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်
ပင်စိမ်းရွက်မှာ
eugenol, citronellol, linalool, citral, limonene နဲ့ terpineol ဆိုတဲ့
ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းတွေက
ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ
ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊
ရူမတွိုက် အဆစ်ရောင်နာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို
လျော့ကျစေပါတယ်။
အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပင်စိမ်းရွက်မှာ
ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး သွေးတွင်း ကိုလက်စထရော မပါပါဘူး။
ဒါ့အပြင် မရှိမဖြစ် အာဟာရဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အလွန်များစွာ
ပါဝင်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်ပေးပါတယ်
ပင်စိမ်းရွက်မှာ
ဘီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ခရစ်ပတိုဇန်သင်း၊ လူတင်နဲ့ ဇီဇန်သင်းတို့
များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်း ဖရီးရယ်ဒီကယ်တွေကို
ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိတာကြောင့် အိုမင်းမှုနဲ့
တခြားရောဂါဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။
သက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်
ပင်စိမ်းရွက်မှာ
အဝါရောင် ဖလေဗိုးနွိုက်ဒြပ်ပေါင်း ဇီဇန်သင်း ပါဝင်တာကြောင့်
မျက်စိအာရုံခံလွှာဆီကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်
ရောက်ရှိမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပင်စိမ်းအပါအဝင် သစ်သီးဝလံနဲ့
ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဇီဇန်သင်းဒြပ်ပေါင်းဟာ အသက်ကြီးချိန်မှာ
ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ပင်စိမ်းမှာ
ဗီတာမင်အေပါဝင်ပြီး ဗီတာမင်အေဟာ အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့်
အရေပြားနဲ့ အမြှေးပါးတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အဆုတ်နဲ့
ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အရိုးသန်စွမ်းစေပါတယ်
ပင်စိမ်းမှာ
ဗီတာမင်ကေ ပါဝင်ပြီး သွေးခဲစေတဲ့ဖြစ်စဉ်မှာ အရေးပါသလို အရိုးရှိသတ္တုဓာတ်
ဖြစ်ပေါ်ရေးကို အားပေးကူညီတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။
နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ကောင်းမွန်စေပါတယ်
ပင်စိမ်းရွက်မှာ
ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီနဲ့ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေများစွာ
ပါဝင်ပါတယ်။ ပိုတက်စီယမ်က ဆဲလ်တွေနဲ့ ခန္ဓာကိုယ်တွင်း အရည်တွေထဲမှာ
ပါဝင်တဲ့ အရေးကြီးဓာတ်တစ်မျိုး ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို
ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီစီယမ်က အင်တီအောက်ဆီးဒင့် အင်ဇိုင်းအတွက်
တွဲဖက်ပစ္စည်းအနေနဲ့ ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ပါတယ်။
သွေးအားကောင်းစေပါတယ်
ပင်စိမ်းရွက်မှာ
သံဓာတ်ပါဝင်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ပင်စိမ်းရွက် ၁၀၀ ဂရမ်မှာ သံဓာတ် ၃
ဒသမ ၁၇ မီလီဂရမ် ပါဝင်ပါတယ်။ (ဒါက တစ်နေ့တာ မှီဝဲသင့်တဲ့ သံဓာတ်ပမာဏရဲ့
၂၆ ရာခိုင်နှုန်း ရှိပါတယ်။) သံဓာတ်ဟာ သွေးနီဥထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်
အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သွေးရဲ့ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းကို
ကောင်းမွန်စေပါတယ်။ ကူးစက်ပိုးတွေကို တားဆီးနိုင်ပါတယ်။
ရောဂါပိုးတွေကို တွန်းလှန်နိုင်ပါတယ်
ပင်စိမ်းအဆီမှာ
ရောဂါပိုးတွေဖြစ်တဲ့ Staphylococcus, Enterococci, shigella နဲ့
Pseudomonas တို့လို ပိုးတွေကို တွန်းလှန်ပေးတာကြောင့်
ရောဂါပိုးကင်းစင်စေပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး
သောက်ပေးရင် ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပြီး အနာကင်းစေတဲ့အစွမ်း
ရှိပါတယ်။
ကြယ်စင်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59193
ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်လျှင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေနည်း
တစ်ပတ်လျှင်
နှစ်နာရီခွဲ ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းသည် သွေးတိုး
ဖြစ်နိုင်မည့် အန္တရာယ် လျော့ကျ စေနိုင်သည်ဟု သိပ္ပံ ပညာရှင်များက
ကြေညာလိုက်သည်။ အသစ်ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်မှု တစ်ခုက လေ့ကျင်ခန်း
အတော်အသင့် ပြုလုပ်ခြင်းသည်ပင်လျင် သွေးတိုးဖြစ်မည့် အန္တရာယ်ကို
လျော့ကျစေနိုင်ကြောင်း ဖေါ်ပြလိုက်သည်။ မိသားစု မျိုးရိုးလိုက်၍
သွေးတိုးဖြစ်နိုင်မှုမှာ ၂၆ ရာခိုင်နှုန်း ရှိပါသည်။ ယခင်က သုတေသနပြု
လေ့လာခဲ့မှုများအရ သွေးတိုးရောဂါရှိသူ မိဘများမှ ပေါက်ဖွားလာကြသူများ
မျိုးရိုးလိုက်၍ သွေးတိုးရောဂါ အမျိုးမျိုး ဖြစ်မှုမှာ ၃၅ ရာခိုင်နှုန်းမှ
၆၅ ရာခိုင်းအထိ ရှိသည်ဟု သိရသည်။ မိဘများ၏ သွေးတိုးဖြစ်မှုနှင့်
အသက်အရွယ်ပေါ် မူတည်၍ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်အဆင့်
အမျိုးမျိုး ကွဲပြား ခြားနားပါသည်။
သုတေသီများက အသက် ၂၀
မှ အသက် ၈၀ ကြားရှိ အရွယ်ရောက်ပြီးသူ လူပေါင်း ၆၂၇၈ ဦးအား ပျမ်းမျှ ၄.၇
နှစ် ခြေရာကောက် လေ့လာခဲ့ရာ ၃၃ ရာခိုင်နှုန်းမှာ မိဘများတွင်
သွေးတိုးရောဂါ ရှိနေကြောင်း သိရှိခဲ့ရသည်။ ယခုလေ့လာမှု စတင်ချိန်တွင်
လေ့လာစမ်းစစ် ခံရမည့်သူ အားလုံးမှာ ကျန်းမာရေး ကောင်းနေကြပြီး
သွေးတိုးရောဂါ ရှိမရှိကို ဆေးစစ်ခဲ့ကြခြင်း မရှိဟု ဆိုသည်။ လေ့ကျင့်ခန်း
ပြုလုပ် စမ်းသပ်ကြည့်သောအခါ ၎င်းတို့၏ နှလုံးခုံနှုန်းမှာ အနည်းဆုံး ၈၅
ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။ သုတေသီများက ၎င်းတို့၏ ခန္ဓာကိုယ်
ကြွက်သားများသို့ အောက်စီဂျင်နှင့် အခြား လိုအပ်သော ဓာတ်ပစ္စည်းများ
ပေးပို့ သယ်ဆောင်နိုင်စွမ်းကို လမ်းလျှောက် လေ့ကျင့်ခန်းစက် အသုံးပြု၍
စမ်းသပ် စစ်ဆေးခဲ့ကြသည်။ လေ့လာမှု ပြုစဉ်အတွင်း စမ်းသပ်
စစ်ဆေးခံသူများထဲမှ ၁၅၄၅ ဦးတွင် သွေးတိုးရောဂါ ရှိနေကြောင်း တွေ့ခဲ့ရသည်။
ရလဒ်မှာ စမ်းသပ် စစ်ဆေး လေ့လာမှုပြု ခံခဲ့ရသူများထဲမှ သွေးတိုးရောဂါ
မိဘမျိုးရိုးရှိသူများနှင့် မရှိသူများ အားလုံးတွင် ကြံ့ခိုင်ကျန်းမာမှု
အနေအထား အလွန်ကောင်းသူများ၌ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၄၂
ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ ကြံ့ခိုင်ကျန်းမာမှု အနေအထား
အသင့်အတင့် ရှိသူများ၌ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၂၆
ရာခိုင်နှုန်း ရှိသည်ကို တွေ့ခဲ့ရသည်။ ကျန်းမာကြံ့ခိုင်မှု အနေအထား
နိမ့်ပြီး မိဘမျိုးရိုး၌ သွေးတိုးရောဂါ ရှိနေသူများတွင် သွေးတိုးရောဂါ
ဖြစ်နိုင်သည့် အန္တရာယ် ၇၀ ရာခိုင်နှုန်း ရှိနေကြောင်း တွေ့ရပြီး
မိဘမျိုးရိုးတွင် သွေးတိုးရောဂါ ရှိသော်လည်း ကျန်းမာကြံ့ခိုင်မှု
အလွန်ကောင်းသူများတွင် သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ၁၆
ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ အဆိုပါ စူးစမ်းလေ့လာမှုအရ တစ်ပတ်လျှင်
အနည်းဆုံး ၅ ရက်တစ်ကြိမ်လျှင် မိနစ် ၃၀ ခပ်သွက်သွက်
လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်သူများကဲ့သို့သော ကာယလေ့ကျင့်ခန်း
အသင့်အတင့် ပြုလုပ်သူများသည် သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်
လျော့နည်းကြောင်း Hypertension ဂျာနယ်တွင် ဖေါ်ပြထားပါသည်။
ရတနာပုံ ဘာသာပြန်သတင်း
Ref: Yatanarpon
Source: http://news.yatanarpon.com.mm/news/news-58031
“လေပူ”
ဆိုသော စကားကို အနောက်တိုင်း ဆရာဝန်များအဖို့ ဆေးပညာ ဝေါဟာရ မရှိပါ။
မြန်မာလူမျိုးများ အဖို့မှာ လူတိုင်းသိသော စကား ဖြစ်ပါသည်။ “လေပူထလို့၊
လေပူတွေ အထက်လှန်လို့၊ လေပူထပြီး အာခေါင်တွေ ခြောက်လို့၊ လေပူလှန်ပြီး
အာသီးရောင်လို့၊ အစာအိမ်မှာ လေပူထလို့၊ လေပူလှန်ပြီး သွားဖုန်းတွေ
ကြွလို့၊ ကောက်ညှင်းပေါင်း စားပြီး လေပူထလို့၊ ပုစွန်ခြောက်တွေ စားပြီး
လေပူလှန်ပြီး ကြို့ထိုးလို့၊ နှလုံးအပူရိုက်ပြီး မောလို့၊ လေပူထပြီး
နှလုံးတွေတုန်လို့” စသော စကားလုံးများမှာ အရပ်ထဲတွင် ကြားနေကျ
စကားလုံးများ ဖြစ်ပါသည်။ တလောက သူငယ်ချင်း ဆေးပညာ မဟာသိပ္ပံဘွဲ့ ရထားသော
ဆရာဝန်ကြီးတစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး သူငယ်ချင်းတို့
အနောက်တိုင်း ဆေးပညာ အယူအဆမှာ ဘယ်လိုကြောင့် ဖြစ်နိုင်သလဲဟု မေးရာ သူက
“အစာအိမ်မှာ အက်ဆစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပျံလာတဲ့
အက်ဆစ်ငွေ့ပေါ့ကွာ၊ Gas Flatulance လို့ ပြောနိုင်တာပေါ့" သူရှင်းပြသော
သဘောအရ အစာအိမ်အတွင်းတွင် အက်ဆစ် အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပျံကာ
အပေါ်သို့ တက်ခြင်းဖြစ်သည်။
ရေနံတွင်းများတွင် gas
ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊
သွားဖုံးများအထိ တက်လာမည်။ လောင်ကျွမ်းမည်။ ဒေသနာ ဆေးပညာတွင်
လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဥဏှတေဇောကြောင့်ဖြစ်သော ဥဏှဝါယော
(လေပူ) သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုး ဖြစ်သည်။
တစ်ခါက ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါသည်။ စာရေးသူ၏ သမီးအလတ်လေး
ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။
ထိုဆရာဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။
အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။
ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့်သည်။
ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကို ချွတ်ပြီး “အူတော့ မပိတ်ပါဘူး။
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက
“ဆရာကြီး ကျွန်တော် ဗမာလေဆေး တိုက်လို့ ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊
ဗမာလေဆေးတွေ မတိုက်နဲ့၊ သူတို့က တစ်ဆိတ်ရှိ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ
မြင်ရလို့လား” ဟု ပြောပါသည်။ ကိုယ်တွေ့ ဖြစ်ပါသည်။
ထိုဆရာဝန်ကြီးသည်
စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောင် ၃
နှစ်ခန့်အကြာတွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း
စိတ်မကောင်းစွာ ကြားသိရပါသည်။ ပါးရွဲ့ခြင်းသည် ဦးနှောက်အတွင်းမှ
တိုက်ရိုက်ဆက်သွယ်သော နံပါတ် (၇) နာဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍
ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်ပါသည်။ အာရုံကြောအတွင်းမှ လေကို
ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။ စာရေးသူ၏ ညီမဖြစ်သူကလည်း
မေ့ဆေးဆရာဝန်ကြီးဖြစ်ပြီး သမီးတူမ ဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်သဖြင့် “လေ”
နှင့် ပတ်သက်သော ရိုးရာဆေးပညာ မြန်မာဆေးပညာ အယူအဆများကို သူတို့
ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ ညှိယူခဲ့ပါသည်။ ခက်သည်က အနောက်တိုင်း
ဆေးပညာမှာ လေကို အဓိကထားပြီး သင်ကြားခဲ့သော ဆေးပညာမဟုတ်။ ခန္ဓာဗေဒတွင်
ဆဲလ်များ တည်ဆောက်ပုံနှင့် ရောဂါဗေဒတွင် ပိုးကိုသာ အဓိကထား သင်ကြားခဲ့သော
ဆေးပညာဖြစ်သဖြင့် လေဆိုလျှင် ကားတာယာအတွင်းမှ ကျွတ်တွင်ထိုးသော လေကိုသာ
သူတို့မျက်စိတွင် မြင်နေခြင်းက ပြဿနာ ဖြစ်နေလေသည်။
အာယုဗ္ဗေဒ
ဆေးပညာတွင် လေသည် ရာဇဂုဏ် ရှိသဖြင့် လူကို သတ်ရာတွင် ပိုးထက် ဆိုးသည်။
ပိုးဝင်လျှင် ရက်ကြာမှ သေမည်။ လေသင်ဓုန်းဖြတ်လျှင် တစ်ချက်တည်း၊
ချောင်းတစ်ဟန့် ကွမ်းတစ်ထွေး တစ်ပျစ် အချိန်မှာပင် အသက်ပါသွားနိုင်လေသည်။
တိုင်းရင်းဆေး ဆရာများတွင်လည်း အားနည်းချက်မရှိ မဟုတ်ပါ။ “ပိုး” ကို
မသင်ရသော အားနည်းချက် ရှိပါသည်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ
အသေးစိတ် ခွဲခြားပြီး မသိကြပါ။ အူသိမ်အူမအတွင်း မှီခို စားသောက်နေသော
ပိုးမျိုးရှစ်ဆယ် ရှိသည်ဟူ၍သာ အကြမ်းဖျင်း သိကြသည်။ ထိုကဲ့သို့ပင်
အနောက်တိုင်း ဆေးဆရာဝန်တို့တွင်လည်း လေနှင့် ပတ်သက်၍ မသိသော အားနည်းချက်
ရှိကြမည် ထင်ပါသည်။ လောကတွင် မည်သည့်ပညာမဆို အားနည်းချက်၊ အားသာချက်များ
ရှိစမြဲပင် ဖြစ်ပါသည်။ “သဒ္ဒါလွန်တော့ ကွန့်၊ ပညာလွန်တော့ ဆွံ့” ဆိုသော
စကားမှာ အမှန်ပင် ဖြစ်ပါသည်။ ပညာရှိလာလေ၊ မသိတာတွေ များလာလေ ဖြစ်သဖြင့်
နှုတ်ဆွံ့အသွားခြင်းကြောင့် ပညာလွန်တော့ ဆွံ့ (ဆွံ့အ) သွားသည်ဟု
တင်စားပြောခြင်း ဖြစ်ပါသည်။ ကိုယ်မတတ်သော သူများပညာကို အရမ်းမဲ့
မဝေဖန်ခြင်းသည် ပညာရှိအလုပ် ဖြစ်ပါသည်။ လေပူနှင့် ပတ်သက်၍ ဆက်လက်
ပြောပြလိုပါသည်။
တစ်ခါက ဆေးကျောင်း Final Part II
ကျောင်းသူတစ်ဦး စာရေးသူ၏ ဆေးခန်းသို့ လာပြပါသည်။ သမီး ဆရာဝန်မလေးက
ခေါ်လာခြင်း ဖြစ်ပါသည်။ သူ့ပါးစပ်အတွင်းမှာ ချိုင့်ခွက်ကဲ့သို့ ပေါက်နေသော
အနာငယ်လေးများကို ပြသည်။ လျှာဘေးမှာလည်း ရှိသည်။ ဆရာဝန်ကြီးများက
စိတ်ပူပန်မှုကြောင့် ဖြစ်သော အနာ Stress Ulcer ပြောကြောင်းနှင့်
ခရမ်းပြာဆေး တို့ခိုင်းကြောင်း၊ စာမေးပွဲနီးတိုင်း ဤအနာများ ပေါက်ကြောင်း
ပြောပါသည်။ ယခုတစ်ကြိမ်မှာ ပို၍ အနာများသည်။ အစာ အပူအစပ် လုံးဝ မထိရဲ။
ဆရာဝန်ကြီးတစ်ဦးမှ ပရက်ဒီစလုံးဆေးပေးကြောင်း ထိုဆေးမှာ Side Effect
အလွန်များသဖြင့် မသောက်ရဲကြောင်း၊ တိုင်းရင်းဆေးနှင့် စမ်းကုလို၍
လာပြခြင်း ဖြစ်သည်။ စာရေးသူသည် ဆေးကျောင်းသူတစ်ဦးကို မြန်မာဆေးများ
စမ်းပြီး မပေးလိုပါ။ ယုံကြည်မှုအပြည့် မရှိဘဲ အစမ်းသဘောမျိုး
သောက်ကြည့်ချင်သူကို ဆေးမပေးလိုပါ။ ထို့ကြောင့် ဆေးမပေးဘဲ ဓာတ်စာသာ
ပေးပါမည်။ စမ်းစားကြည့်ပါဟု ပြောပြီး ငှက်ပျောသီး ဖီးကြမ်း ဓာတ်စာ
ပေးပါသည်။ ငှက်ပျောသီး ဖီးကြမ်းအမှည့်ကို ဆေးဆိုး မဖြစ်စေရ။ ပင်မှည့်
(သို့) အုပ်မှည့်ကို ဝယ်ခိုင်းပါသည်။ ထိုငှက်ပျောသီးကို မီးဖုတ်ပြီး
ပူပူလေး စားခိုင်းပါသည်။
ဖီးကြမ်းငှက်ပျောသီး
အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊
အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး
စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ
လွှတ်ပစ်လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ
ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့်
မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို
သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည်
ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။
ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊
ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု
ခေါ်ကြလေသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့် (၁၉၉၂ ခုနှစ်) က အိန္ဒိယနိုင်ငံရှိ
အာယုဗ္ဗေဒ ဆေးတက္ကသိုလ်ကြီးမှ ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့်
အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ် ကုသပေးခဲ့ဖူးသည်။
အထူးသဖြင့်
အစာအိမ်နံရံတွင် အချွဲအမြှေး မရှိသဖြင့် ဗိုက်နာ ဗိုက်အောင့်သူများ၊
အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ်
အစာအိမ်ဆေး ပေါင်ဒါမှုန့်နှင့် ကုသူများနှင့် ငှက်ပျောသီးဖီးကြမ်း
အမှုန့်ကို ဆေးတောင့် (Capsule) ထည့်၍ မသိအောင် ပေးပြီး တိုက်ကျွေးသူ
လူပေါင်း ၁၀၀ ကို စမ်းသပ်ခဲ့ရာ ဖီးကြမ်းအမှုန့်နှင့် ကုသသူ ၈၀ မှာ
အစာအိမ်ဝေဒနာ ခံစားနေရခြင်းမှာ ပျောက်ကင်းသက်သာကြောင်း စမ်းသပ်
တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊
လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုန်းကြွ သွားနာရောဂါ ရှိသူများ
ထို့အပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက်
ဖီးကြမ်းငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်ပါသည်။
ပုံမှန်အတိုင်းသော် လည်းကောင်း၊ အစိမ်းကို ဟင်းချက်၍သော် လည်းကောင်း
စားသုံးကြည့်ပါ။ နှစ်ရှည်ဖြစ်နေသော အစာအိမ်နာသာမက လေးဘက်နာ၊ နှလုံးရောဂါ၊
လေကြောင့်ဖြစ်သော ခေါင်းကိုက်၊ ခေါင်းအုံ မူးဝေသော ရောဂါများအပြင်
နှစ်ရှည် စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊
ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား
တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)
Ref: Shade The Mandalay Hill
Source: http://news.yatanarpon.com.mm/news/article-59401
ခရေသည်
ရက္ခဗေဒပညာအရ Sapotaceaae မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Mimusops
elengi Roob ဖြစ်သည်။ ရှေးခေတ်ဆေးကျမ်းများတွင် ခရေ ကို
ချယားဟုခေါ်ကြောင်း တွေ့ ရသည်၊၊ အင်္ဂလိပ် အခေါ်မှာ Star Faower ဖြစ်သည်၊၊
မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ပေါက်ရောက်ပြီး မြေပြန့် ဒေသများတွင်
အထူးများပြား စွာ ပေါက်ရောက်ကြောင်း တွေ့ ရသည်။
ပင်ကြီးသစ်ပင်မျိုးဖြစ်သည်။ ခရေပင်သည် အဖိုပင် အမပင် ဟှူု၍ရှိပြီး အမပင်သာ
အသီးသီးနိုင်ကြောင်း တွေ့ ရသည်။ အဖိုပင်မှ အပွင့်ဖြူပြီးပို၍
ကြီးကြောင်းတွေ့  ရသည်။ အမပွင့်မှာမူ အပွင့်သေးပြီး အနည်းငယ်နီကြောင်းတွေ
့ရသည်။
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်
ဟူသော ဆိုရိုးစကားအတိုင်း ခရေပင်သည် ဆေးဖက်ဝင်သော အပင်တပင် ဖြစ်သည်၊၊
ဆေးအဖြစ် အခေါက်၊ အပွင့်၊ အသီး၊ အစေ့ တို့ ကို အသုံးပြုနိုင်ကြောင်း တွေ့ 
ရသည်။ ရှေးဟောင်းမြန်မာဆေးကျမ်းများတွင် ခရေပင်ကို အစိတ်အပိုင်းအလိုက်
ဆေးဖက်ဝင်ပုံနှင့် အာနိသင်တို့ ကို စနစ်တကျခွဲခြားပြညွန်းထားကြောင်း တွေ
့ရသည်၊၊
အခေါက်သည် ချို၊ခါး၊အေး၏။
နှလုံးကို အားရှိစေသည်။ ၀မ်းမီးကို ပွားစေသည်။ ရောဂါပိုးကို နိုင်သည်။
သွားဖုံးရောဂါကို ကျေးဇူးပြုပြီး သက်သာပျောက်ကင်းစေသည်။
သည်းခြေဖောက်ပြန်ခြင်း ကို ပျောက်ကင်းစေသည်။ စသည်ဖြစ် အခေါက်၏ အာနိသင်
ကိုတွေ့ ရသည်။
အပွင့်သည် ချို၏။
ဖန်၏။ အေး၏။ အဆီအစေးရှိသော ဂုဏ်နှင့် ပြည့်စုံ၏။ အူကိုတွန့် ရှုံစေတတ်၏။
သည်းခြေနာ၊ မြင်းသရိုက်နာ၊ သွေးသည်းခြေမညီမျှသော အနာ၊ နှလုံးတုန်လှုပ်၍
အိပ်မပျော်သော အနာ၊ အပူအအေး မညီမျှသော အနာ၊ ယားယံသော အနာ စသော ရောဂါဝေဒနာ
တို့ ကို သက်သာပျောက်ကင်းစေတတ်ကြောင်း တွေ့ ရသည်။
အသီးမှည့်သည် ချို၏၊ စဉ်းငယ်ဖန်၏၊ အေး၏၊ အဆီသြဇာရှိ၏၊။ ၀မ်းကို နိုင်၏၊
လေချုပ်၏၊ သလိပ်သည်းခြေကိုနိုင်စေ၏၊ သွားကိုခိုင်မြဲစေ၏၊ အူကို ရှုံတွန်
့စေ၏၊ နှုတ်ကို မြိန်စေ၏။
အစေ့သည်
လှုပ်သောသွားကို ခိုင်ခံ့စေ၏၊ ရှူသော် ခေါင်းကိုက်ပျောက်၏၊ စသည့်ဖြစ်
ရှေးဟောင်းမြန်မာ ဆေးကျမ်းများတွင် ခရေ၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံကို
ခွဲခြားပြညွန်း ထားကြောင်းတွေရပါသည်။
ဆေးဖက်ဝင်ခရေ၏ ဆေးအသုံးပြုပုံအချို့ ကို အစိတ်အပိုင်းအလိုက် ရောဂါဝေဒနာအလိုက် ခွဲခြားပြညွန်း ပါမည်။
ခရေခေါက်ကို သုံးခွက်တခွက်တင်ပြုတ်၍ သောက်ခြင်း။ အပွင့်ကို ရှူခြင်း၊
အသီးကို စားခြင်း ဖြစ် နှလုံးရောဂါကို သက်သာပျောက်ကင်းစေသည်။
ထိုပြုတ်ရည်ကို သောက်သုံးပါက ဆီးအတွင်း အနည်အနှစ်ပါခြင်းကို
သက်သာပျောက်ကင်းစေတတ်သည်။ အနာများကို ဖန်ရည်ဆေးရာတွင် ခရေခေါက်ပြုတ်ရည်ကို
အသုံးပြုနိုင်သည်။ ခရေခေါက်ကို ရေစိမ်၍ သောက်သုံးပေးပါက ဆီးအိမ်ကို သန်
့ရှင်းစေပြီး ဆီးလမ်းကြောင်းတွင် ညောင်းကျသောရောဂါကို
ပျောက်ကင်းစေတတ်ပါသည်။
ပါးစပ်၌ပေါက်သော မက်ခရုရောဂါကို ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် တို
့ကို အလေးချိန် ဆတူရော၍ ရေနှင့်ပြုတ်ပါ။ နေ့ အခါတွင် သုံးလေးခါ ငုံ၍
အာလုပ်ကျင်းပေးပါက ပျောက်ကင်းစေပါသည်။ ထို့ ပြင် ပါးစပ်၌ဖြစ်သော
အပူလောင်ခြင်း၊ သွားဖုံးရောင်ခြင်းတို့ ကို ပျောက်ကင်းစေပါသည်။
သွားများကိုလဲခိုင်မာစေသည်။
မွေးကြိုင်သင်းပျံ့ သော ခရေပွင့်လေးများ၏ ရနံသည် ရှူရှိုက်ရုံ
ပန်ဆင်ရုံမျှဖြင့် နှလုံးရောဂါကို သက်သာစေသည်။ ခရေပွင့်ခြောက်များကို
ခေါင်းအုံးလုပ်၍အိပ်ပါက နှလုံးရောဂါကို နုလျှင် ပျောက်ကင်းပြီး
ရင့်လျှင်သက်သာစေပါသည်။
နွေရာသီတွင်
မိတ်ထွက်၍ ယားယံခြင်း၊ မိတ်ကြီးများထွက်၍အယားလွန်ခြင်း တို့ ဖြစ်ပါက
နွေရာသီတွင်ပွင့်သော ခရေပွင့်ကို ဆားနှင့်သွေး၍ လိမ်းပါက သက်သာပျောက်
ကင်းစေနိုင်ပါသည်။ ရာသီတွင်ဖြစ်သောရောဂါကို ရာသီထွက်ဆေးပစ္စည်း
အသုံးပြုကုသခြင်းသည် တိုင်းရင်းဆေးပညာ၏ နည်းစံနစ်တမျိုးဟု ဆိုနိုင်ပါသည်။
ကလေးများ အပူအကြောင်းခံ၍ ရာသီအကူးအပြောင်းတွင် ချောင်းဆိုးပါက ခရေပွင့်
လတ်လတ် ၁ကျပ် ၈ပဲသားကို ရေတစ်ဖန်ခွတ်နှင့် တစ်ညစိမ်ထားပါ။ နံနက်တွင်
စစ်ယူပြီး တိုက်ကျွေး ပါ။ ၇ - ရက်ဆက်၍ တိုက်ကျွေးပါက
သက်သာပျောက်ကင်းစေပါသည်။
မီးယပ်ဖြူဆင်းရောဂါကို
ခရေပွင့်လတ်လတ် ၃မတ်သား၊ ဗာဒံစေ့ ၃စေ့၊ သကြားခဲ ၃ပဲသား ရော၍ နံနက်တကြိမ်
ညတကြိမ် ၄ ပဲသားခန့် ရောဂါနှင့် ချင့်ချိန်၍ တိုက်ကျွေးနိုင်ပါသည်။
ထိုဆေးကို ပင် ဓါတ်ပျက်ရောဂါ၊ သွားလှုပ်၊ သွားနဲ့ ခြင်းတို့ ကို
သက်သာပျောက်ကင်းစေကြောင်း သိရပါသည်။
ဝမ်းလျောဝမ်းပျက် ရောဂါတွင် ခရေသီးကို အသုံးပြုနိုင်သည်။ ခရေသီးမှည့်၏
အသားကို အနှစ်တိုက်၍ စားပါက ကြာမြင့်သော အတိဿရ၀မ်းရောဂါကို
ပျောက်ကင်းစေတတ်ကြောင်းတွေ့ ရ ပါသည်။
ခရေစေ့ကိုမူ ခေါင်းကိုက်ခဲသောဝေဒနာတွင်ရှူပေးစေခြင်းဖြင့်
သက်သာပျောက်ကင်းစေ သည်။ အတိဿရ၀မ်း ခေါ် ၀မ်းလျောဝမ်းပျက်ရောဂါတွင်
ခရေစေ့ကိုရေအေးနှင့် ကြိတ်၍ သောက်ဆေးအဖြစ် ပေးနိုင်ပြန်ပါသည်။
ခရေ နှင့် ရေကျောက်ရောဂါတို့ သည် ဓါတ်သဘောအရ ကက်ကင်း ခေါ် ဓါတ်ပြန် မိနေ
ကြောင်း တွေ့ ရသည်။ ထို့ ကြောင့် ရေကျောက်ပေါက်နေသော ကာလရာသီတွင်
ခရေသားကို သရဏဂုဏ်သုံးပါးနှင့် ရွတ်ဆို၍ ဆောင်ထားပါက
ကာကွယ်ပျောက်ကင်းနိုင်ကြောင်း တွေ့ ရသည်။ သို့ သော်
သောကြာသားသမီးများကိုမူ ပေး၍မရနိုင်ပါ။ အကြောင်းမှာ သောကြာနှင့်တနင်္လာသည်
သောက ခေါ် ပဋ္ဋိပက္ခ ရန်ဓါတ်ြဖစ်နေသောကြောင့် ဖြစ်ပါသည်။
ခရေပင်၏ အသုံးဝင်ပုံ ဆေးဖက်ဝင်ပုံ တို့ မှာ များပြားစွာ
ကျန်ရှိနေပါသေးသည်။ ယခုဆောင်းပါးတွင် လက်လှမ်းမှီသမျှကို သာ
ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
ပန်ချင်တယ် ခရေဖူးဆိုလို့ ………….
ဝင်းသူရညွန့် 
ကိုးကားသောကျမ်းများ
၁။ ပုံပြဆေးအဘိဓာန် (ပထမတွဲ) - ရှင်နဂသိန်
၂။မြန်မာ့လှို့ ဝှက်ဆေးဝါးနှင့် အသုံးဝင်နွယ်မြက်သစ်ပင် - မောင်ယဉ်နွယ်
၃။ သမားလက်စွဲ ခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်း - အရှင်သုတဓရ
၎။ ဆေးပင်သိမှု ရုက္ခဗေဒ - တိုင်းရင်းဆေးသိပံ ပထမနှစ်သင်ခန်းစာ
Source: http://winthuranyunt.blogspot.com/
အူမကြီး
(Colitis) ရောင်ရမ်းမှု ဝေဒနာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှ အာဟာရ
စုပ်ယူနိုင်စွမ်း လျော့ကျတာကြောင့် အာဟာရချို့တဲ့ နေတတ်ပါတယ်။ ဒီလို
မဖြစ်စေဖို့ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို
စားပေးဖို့ လိုအပ်သလို စားသောက်တဲ့ အစားအသောက်တွေကို အလေးထား
စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။
(၁) အစားအသောက် အစုံစားပါ
အူမကြီး
ရောင်ရမ်းတဲ့ သူတွေနဲ့ တခြားအူရောဂါ ရှိသူတွေအနေနဲ့ အာဟာရတန်ဖိုး
လျော့နည်းတဲ့ အစားအစာတွေကို စားမယ့်အစား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ
ပါဝင်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။
(၂) စားသောက်မှုအကြောင်း မှတ်ထားပါ
အူမကြီး
ရောင်ရမ်းတဲ့သူတွေမှာ ရောဂါထအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစာတွေက
တစ်ဦးနဲ့တစ်ဦးမှာ မတူညီကြပါဘူး။ ဘယ်အစားအသောက်တွေက ကိုယ့်ကို
ပြဿနာပေးနိုင်တယ် ဆိုတာကို အလွယ်ကူဆုံး သိနိုင်ဖို့ အစားအသောက်ဆိုင်ရာ
မှတ်တမ်းတစ်ခုကို ထားရှိပေးပါ။ အဲဒီမှတ်တမ်းထဲမှာ သင်စားသောက်တဲ့
အရာတိုင်းကို ချရေးပြီး အဲဒီနေ့မှာ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို
မှတ်ထားပါ။ ဒီမှတ်တမ်းဟာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာ ပြသနိုင်တဲ့
မှတ်တမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
(၃) ကောင်းကောင်းစားပါ၊ မကြာခဏစားပါ
အူမကြီး
ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှ အာဟာရနဲ့ ကယ်လိုရီ စုပ်ယူနိုင်စွမ်း
လျော့ကျပြီး ကိုယ်အလေးချိန် လျော့ကျတာနဲ့ အာဟာရ ချို့တဲ့တာတွေကို
ဖြစ်စေနိုင်ပါတယ်။ လူနာတွေက ကယ်လိုရီများပြီး ပရိုတင်းဓာတ်များစွာ
ပါဝင်တဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။ လူအများစုဟာ တစ်နေ့မှာ
အစာသုံးနပ် စားဖို့လိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာကို
သုံးကြိမ်စားပေးမှသာ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။
(၄) ဖြည့်စွက်ဆေး မှီဝဲပါ
အစားအသောက်ကနေ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်ပေမယ့် တချို့လူတွေက
အစားအသောက်တွေမှ တချို့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း
လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အူမကြီး ရောင်ရမ်းနေသူတွေ
အနေနဲ့ အာဟာရ ဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။ အများအားဖြင့်
အူမကြီး ရောင်ရမ်းနေသူ အများစုဟာ ဗီတာမင် B12 နဲ့ သံဓာတ် ဖြည့်စွက်ဆေးကို
မှီဝဲဖို့ လိုအပ်ပါတယ်။
(၅) ရှောင်သင့်သော အစာများ
အူမကြီး ရောင်ရမ်းနေချိန်မှာ ရောဂါကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါတယ်။ အဲဒီ အစားအသောက်တွေ ဖြစ်ကြတဲ့
- အမျှင်ဓာတ်များတဲ့အစာ (အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်)
- နို့နဲ့ နို့ထွက်ပစ္စည်း
- အဆီများတဲ့ အစားအသောက်
- ကဖင်းဓာတ်
- ကာဗွန်ပါတဲ့ အချိုရည်
- အရက်တွေကို ရှောင်ဖို့ လိုပါတယ်။
(၆) ရေဓာတ် ပြည့်ဝအောင်နေပါ
အူမကြီး
ရောင်ရမ်းနေသူတွေနဲ့ အူရောင်ရမ်း နေသူတွေက ရေကို များများသောက်ပေးဖို့
လိုပါတယ်။ ဒါမှသာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ရှောင်ရှားနိုင်မှာပါ။
ဒါ့အပြင် ကျောက်ကပ်ဝေဒနာ၊ သည်းခြေ ကျောက်တည်တာစတဲ့ နောက်ဆက်တွဲ
ပြဿနာတွေလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။
(၇) လှုံ့ဆော်မှုဖြစ်စေသော အပြောင်းအလဲများကို အလေးထားပါ
ဘယ်အစားအသောက်ကို
စားမိရင် အူမကြီးရောင်ရမ်းတဲ့ ဝေဒနာတွေကို ဖြစ်စေသလဲ၊ ဘယ်လို
အခြေအနေတွေမှာ အူမကြီးရောင်ရမ်းမှုကို လှုံ့ဆော်ပေးနိုင်သလဲ စတဲ့
အခြေအနေတွေကို သိနားလည်ပြီး အဲဒီလှုံ့ဆော်မှုပေးတဲ့ အရာတွေကို ရှောင်ရှားဖို့
လိုပါတယ်။
ဇွန်
Ref:Good Health
Source:http://www.yatanarpon.com.mm/news/review-53882
လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေ များနေသလား။ ရုံးချိန်အတွင်း စိတ်ဖိစီးမှုတွေ သက်သာစေဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းတွေ ရှိပါတယ်။
(၁) အိမ်မှ စောထွက်ပါ
ပုံမှန်ထက်
အိမ်မှ မိနစ် ၃၀ စောထွက်ပါ။ နံနက်ခင်းမှာ အလုပ်ချိန်မီဖို့ အပြေးအလွှား
အလုပ်လုပ်ရချိန် နည်းလေလေ၊ တစ်နေ့လုံး စိတ်ဖိစီးမှုနည်းပြီး အနားရနေလေလေ
ဖြစ်ပါလိမ့်မယ်။
(၂) သရေစာများ ယူဆောင်ပါ
လုပ်ငန်းခွင်ကို
အာဟာရ တန်ဖိုးရှိတဲ့ သစ်သီးခြောက်တွေ၊ အခွံမာတဲ့ အစေ့အဆန်တွေနဲ့
သစ်သီးဖျော်ရည်တွေကို ယူဆောင်ပါ။ သရေစာမစားဘဲ နာရီအနည်းငယ်ကြာနေတာက
သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး စိတ်ဖိစီးမှုကို ပိုများကာ
အလုပ်မတွင်ကျယ်တတ်ပါ။
(၃) ချီးကျူးပါ
လူအများစုဟာ
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုစကားဆိုဖို့ အချိန် အလုံအလောက် မယူတတ်ကြပါဘူး။
အလုပ်တစ်ခု အောင်မြင်ပြီးချိန်မှာ “ငါ လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုကို
ထားရှိပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးပါ။
(၄) ပူပင်သောက ဖြေရှင်းချိန် ၁၀ မိနစ် အချိန်ပေးပါ
အလုပ်ထဲမှာ
ပူပင်သောကများနေရင် ၁၀ မိနစ်လောက် တစ်ဦးတည်းနေပြီး စာရွက်
တစ်ရွက်ပေါ်မှာ ကော်လံသုံးခုခွဲကာ ချရေးပါ။ ကော်လံတစ်ခုမှာ ခံစားနေရတဲ့
ပူပင်သောက၊ နောက်တစ်ခုမှာ ဘာကြောင့် ပူပင်သောက ဖြစ်ရတာလဲနဲ့ နောက်တစ်ခုမှာ
ပူပင်သောကကြောင့် ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအရာ စတာတွေကို ချရေးပါ။
ပူပင်သောက အများစုဟာ မလိုအပ်ဘဲ ပူပင်နေရတာဖြစ်ကြောင်း သင်သဘောပေါက်
လာပါလိမ့်မယ်။
(၅) အီးမေးလ်ကို စစ်ပါ
နေ့စဉ် အီးမေးလ်ကို ကြည့်ပြီး မက်ဆေ့ခ်ျ ပြန်ပို့သင့်တာ ပို့ပါ။ မလိုအပ်တဲ့ မေးလ်တွေကို ဖျက်လိုက်ပါ။
(၆) အကြောဆန့်ပါ
အထိုင်များတဲ့
အလုပ်ကို လုပ်ရသူဖြစ်ရင် ခြေထောက်ကို ဆန့်ပြီး စက္ကန့် ၃၀ လောက်
အကြောဆန့်လိုက်ပါ။ ဒီလိုလုပ်ပေးတာက ခြေထောက်သွေးကြော ထုံးတာကို
လျော့ကျစေပါတယ်။
(၇) လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးစွာ နေထိုင်ပါ
လုပ်ဖော်ကိုင်ဖက်တွေနဲ့
အလုပ်ကိစ္စ ပြောဆို ဆွေးနွေးတာအပြင် လူမှုရေးကိစ္စတွေကိုလည်း
ရင်းရင်းနှီးနှီး ပြောဆိုပါက အလုပ်လုပ်ကိုင်ရတာ
ပိုတွင်ကျယ်လာစေပါတယ်။
ကြယ်စင်
Ref:Good Health
Source:http://www.yatanarpon.com.mm/news/review-57681