Wednesday, May 25, 2011

မုန်လာဥ။ ကြက်ဥ။လက်ဖတ်ခြောက်

တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။ တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။ ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။ သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။ ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှာမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။ ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ် ။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက် လှည့်တဲ့ပြီး မေးလိုက်တယ်။ “ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…” “မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါ တယ်။ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီးဖြစ် တဲ့ ကြက်ဥပြုတ်ပေါ့။ နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။ “ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။ ဖအေက ရှင်းပြတယ်။ “မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…” “ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…” “အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…” “ကဲ..အဖေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား သမီးဘာသာစဉ်းစား ပေတော့ကွယ်…”ပုံပြင်လေးကတော့ ဒါပါပဲ။ စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။ အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။ ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည် ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့ နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့ ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။ ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။ ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။ +++++++++++++++++++++++++++++++++++++++++++++++ မေးလ်က ရတာလေးကို မျှဝေလိုက်တာပါ.. တစ်ခုခုတော့ ရသွားမယ် ထင်ပါတယ်နော.. အားလုံးသော ဓမ္မမောင်နှမများ လောကဓံ ရှစ်ပါးကနေ လွန်မြောက်စေဖို့ မဂ္ဂင်ရှစ်ပါး မြတ်တရားအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

သူငယ်ချင်းတစ်ယောက်ဆီမှ.........ကျေးဇူး ကိုချို..........

Wednesday, May 11, 2011

အဘမင်းသိင်္ခ ဗေဒင်ပညာ

တစ်နေ့တွင် သူသည် ကျွန်ုပ်အား တဲအတွင်း၌ ထိုင်စေပြီး A.B.C.D (၂၆) လုံး၏ တန်ဖိုး အဓိပ္ပာယ်တို့ကို ပြောလေ၏။ “ ဒီလို လူကလေးရဲ့ မင်းကို နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ကို ဆက်ပြီး အခြေခံရအောင် သင်ပေးရမယ်၊ အဲဒီမှာ A,B,C,D, နဲ့ ဂဏန်းဗေဒင် ဆက်သွယ်ပုံအကြောင်းကိုလည်း သိအောင် ပြောရဦးမယ်” ဟု ဖခင်က ဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်က . . . . . “ပြောပါအဖေ၊ ကျွန်တော် ကောင်းကောင်းကြီး မှတ်ထားပါမယ် ကျွန်တော် အဲဒီပညာကိုလည်း ၀ါသနာ ပါ,ပါတယ်” ဟု ပြောလိုက်လျှင် . . . . “ ဒီလိုကွ၊ မင်းလည်း သိပြီးသားပဲ၊ A,B,C,D, (၂၆) လုံးထဲမှာ ဗာဝက်လို့ခေါ်တဲ့ သရ (၅) လုံး ပါနေတယ် မဟုတ်လား ” ဟု အဖေက ပြောလေ၏။

“ ဟုတ်ပါတယ် အဖေ ၊ A,E,I,O,U (၅) လုံးဟာ သရတွေပါပဲ” ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်

ကျွန်ုပ်၏ ဖခင်က . . . “ ဂဏန်းဗေဒင်မှာတော့ Y ကိုပါ သရထဲ ထည့်ယူရတယ်၊ A,E,I,O,U,Y, ပေါ့ကွာ၊ အဲဒီ သရ (၆) လုံးရဲ့ အဓိပ္ပါယ်ကို လူလေးကို ပြောပြမယ်” ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြလေ၏။

  • A ဆိုတာက တီထွင်တဲ့သဘော၊ ပင်ကိုယ်ဉာဏ်ကောင်းတဲ့သဘော၊ ကြိုးစားတတ်တဲ့သဘော၊ အဆုတ်မှာ ရောဂါဖြစ်စေတတ်တဲ့ သဘောတွေကို ဖော်ပြတယ်။
  • E ဆိုတာက စိတ်မခိုင်တဲ့သဘော၊ အတတ်ပညာသင်တဲ့အခါမှာ သင်လွယ် တတ်လွယ်တဲ့သဘော၊ အပြောင်းလဲမြန်တဲ့ သဘောကိုဖော်ပြတယ် ပြီးတော့ ဆီးရောဂါ ဖြစ်တတ်တဲ့သဘော၊ ငွေကြေးလာဘ်ရွှင်တဲ့ သဘောကိုလည်း ဖော်ပြတယ်။
  • I ဆိုတာ က တစ်ကိုယ်ရေ တစ်ကာယ နေရမှုကို ဖော်ပြတယ်။ စိတ်လွတ် လက်လွတ် နေတတ်မှုကို ဖော်ပြတယ်၊ နှလုံးသား ခံစားမှုကို ဦးစားပေးတတ်တယ်၊ ၀မ်းဗိုက်နဲ့ ရင်ဘက်မှာ ဥပါဒ်ပေးတတ်တယ်။
  • O ဆိုတာက ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့သဘောကို ဖော်ပြတယ်။ စကားပြော ကောင်းတတ်တယ်။ ဘာကိုပဲလုပ်လုပ် စေ့စေ့စပ်စပ်လုပ်တတ်တယ်၊ အိမ်ထောင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း စိတ်ညစ်စရာတွေ ကြုံတတ်တယ်။ နှလုံးနဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားရတတ်တယ်။
  • U ဆိုတာ အစဉ်သဖြင့်စိတ်ဟာ ဒွိဟဖြစ်တတ်တယ်။ အတွေ့အကြုံများတဲ့ သဘောကိုဖော်ပြတယ်။ မတော်တဆ ထိခိုက်မှုကိုလည်း ဖော်ပြတယ်။ လည်ချောင်းမှာ ရောဂါရတတ်တယ်။
  • Y ဆိုတာက ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ ဂန္ဓရီပညာတွေ လောကီပညာတွေ စတာတွေ ကို စိတ်ဝင်စားတတ်တယ်။ အစဉ်သဖြင့် လုပ်ငန်းနှစ်မျိုး ၀င်ငွေနှစ်မျိုး ဖြစ်နေတတ်တယ်။ စိတ်ဝေဒနာ ခံစားရတတ်တယ်။

အဲဒါတွေဟာ အက္ခရာ (၂၆)လုံးထဲက သရ(၆)လုံး သီးခြားအဓိပ္ပာယ်ပဲ။ အဲဒီတော့ နာမည်မှာသာ ဒီသရမျိုးတွေပါရင် အဲဒီသဘာဝတွေ ထည့်သွင်းစဉ်းစားရတယ်။ ရောဂါဝေဒနာကတော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တဲ့အတွက် ပြောရတာကျိန်းသေကြီး ဖြစ်မယ်လို့တော့မဟုတ်ပါဘူး၊ အဲဒီတော့ လူကလေးရဲ့ နာမည်ကိုတွက် ကြည့်ရအောင်” ဟု ဆိုကာ အောက်ပါအတိုင်း ကျွန်ုပ်နာမည်ကို မြေပြင်ပေါ်၌ တုတ်ချောင်းနှင့်ပင် ရေးလိုက်လေ၏ ။

THET PYIN “ အဲဒီတော့ မင်းရဲ့နာမည်မှာ သရ(၃) မျိုးပါတယ်၊ သရ(၃)မျိုးစလုံးကို စုပေါင်းပြီး စဉ်းစားရမယ်။ E သရအတွက် ပြောရမယ်ဆိုရင် စိတ်မဆိုးဘူးလို့ ဆိုထားတယ်၊ အပြောင်းအလဲမြန်တဲ့ သဘောကိုလည်း ဖော်ပြထားတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ဆီးရောဂါကို ဂရုစိုက်ရမယ်။

Y သရအတွက် မင်းဟာ ထူးထူး ဆန်းဆန်းတွေကို စိတ်ဝင်စားမယ်၊ ဂမ္ဘီရပညာ၊ လောကီပညာ ဆိုရင်တော့ မင်းအခုသင်တဲ့ ပညာတွေပေါ့ကွာ၊ ပြီးတော့ လုပ်ငန်းနှစ်မျိုးတစ်ပြိုက်နက်တည်း လုပ်ရလိမ့်မယ်၊ ၀င်ငွေနှစ်မျိုး ၀င်လိမ်မယ်ကွ ဒီသရရဲ့ ဆိုးကျိုးကတော့ စိတ်ရောဂါ ဖြစ်တတ်တယ်ဆိုပဲ။ ဒါလည်းမဖြစ်ဘူးလို့ မပြောနိုင်ဘူးကွ၊ မင်းရဲ့စိတ်မှာ နာကျည်းစရာကိစ္စတွေက ရှိခဲ့ဖူးတာကိုး၊

I သရအတွက် မင်းဟာ တစ်ကိုယ်ရေတစ်ကာယ နေရတတ်တယ်။ တစ်ကောင်ကြွက် ဖြစ်တတ်တယ်ပေါ့ကွာ၊ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် နေတတ်တယ်ပေါ့ကွာ၊ နှလုံးသား ခံစားမှုတွေကို အလေးအနက် ထားတတ်တယ်။ ပြီးတော့ ဒဟီသရဟာ မင်းဝမ်းဗိုက်နဲ့ရင်ဘတ်ကို ဂရုစိုက်ပါလို့ သတိပေးထားတယ်ကွ၊ နောက်တစ်ခု လူလေး နားလည်ရမှာက သရဂဏန်းတွေဟာ ပင်ကိုစိတ်သဘာဝကို အတော်လေး နီးနီးစပ်စပ် အကဲခတ် နိုင်အောင် ဖော်ပြလေ့ရှိတယ်၊

ကဲ . . . . လူလေး မောင်သက်ပြင်း မင်းနာမည်ကို ဖော်ပြနေတဲ့ သရ၃ လုံးရဲ့ သဘာဝတွေနဲ့ မင်းနဲ့မကိုက်ညီတာ ဘယ်နှစ်ချက် ပါသလဲ ” မေးလိုက်ရာ ကျွန်ုပ်သည် ဖခင်၏ မေးခွန်းကို နားထောင်ပြီးနောက် “ ကျွန်တော်မှာ ရောဂါတွေ မဖြစ်သေးလေတော့ ရောဂါနဲ့ပတ်သက်ရင်တော့ မှန်တယ် မှားတယ် အဖြေမပေးနိုင်ပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ အချက်တွေကတော့ လွဲတဲ့ အချက်တော့ မပါပါဘူး အဖေ ” ပြေလိုက်၏။

ထိုအခါ၌ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အား …….. “ အဲဒီတော့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလိပ်စာလုံးပေါင်းပြီး သရ (၆) လုံးကို ထုတ်ရမယ်။ အဲဒီလို ထုတ်ပြီးတဲ့အခါမှာ သရ (၆) လုံးရဲ့ အဲဒီလူရဲ့ စရိုက်လဏ္ခဏာကို အကဲခတ်ရမယ် လူကလေး ” ကျွန်ုပ်အား ပြောပြလေ၏ ။

ကျွန်ုပ်သည် ကျွန်ုပ်၏ ဖခင် အာနန်ဒါအောက်ပါအတိုင်း တွက်ကြည့်လိုက်လေ၏။ A N A N D A R ကျွန်ုပ်၏ အမည်တွင် သရ (၃)လုံး ပါ၏။ ထိုသရ (၃) လုံးမှာ A ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်က ဖခင်အား …….. “ အဖေရယ်၊ အဖေ့နာမည်မှာက သရ (၃) လုံးပါတယ်၊ အဲဒါတွေကလည်း A ချည်းပဲ ဖြစ်နေတယ်။ A တစ်လုံးဆိုရင်တော့ ကျွန်တော်ယူဆတတ်ပါတယ်။ A သုံးလုံး ဆိုတော့ ဘယ်လို ယူဆရမလဲ မသိဘူး အဖေ ” ကျွန်ုပ်က ပြောလိုက်ရာ ကျွန်ုပ်ဖခင်က . . . . .

“ ဒီလိုလုပ်ကွာ၊ အဓိပ္ပာယ်ကို၊ ၃ နဲ့ မြှောက်လိုက်ပေါ့၊ A ရဲ့ပထမအဓိပ္ပာယ်က တီထွင်တတ်တယ်ပေါ့ကွာ၊ ၃ ဆတိုးရင် အရမ်း အရမ်းကို တီထွင်တတ်တယ်ပေါ့ကွာ ” ဟုပြောလျှင် ကျွန်ုပ်က . . . . “ ကျွန်တော် သဘောပေါက်ပြီး အဖေ၊ ကျွန်တော် သဘောက်ပေါက်ပြီး ကျွန်တော် ပြောကြည့်မယ်၊ ဟုတ် မဟုတ် အဖေ နားထောင်၊

ဒီလိုလေ အဖေရဲ့၊ အဖေဟာ အလွန့်အလွန် တီထွင်တတ်တဲ့ ဉာဏ်ရှိတဲ့လူပဲ၊ ပြီးတော့ အဖေဟာ ပင်ကိုယ်ဉာဏ်လည်း အလွန့်အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ နောက်အဖေဟာ အတော့်ကိုဝီရိယ ထုတ်ပြီးကြိုးစားတတ်တဲ့ သူပဲ၊ တစ်ခုတော့ ရှိတယ်။ အဖေ့ဆီ အဆုတ် ရောဂါလာရင်တော့ ပြင်းပြင်းထန်ထန် ကြီးလာလိမ့်မယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဖခင် သို့မဟုတ် ဆရာသခင် ကျေးဇူးရှင်သည် ကျွန်ုပ်အား ပြုံးပြုံးကြီး ကြည့်ပြီးလျှင် . . . . “ လူကလေး၊ မင်း ကောင်းကောင်းကြီး တတ်သွားပြီး ” ဟု ပြောဆိုကာ ကျွန်ုပ်၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်လေတော့သတည်း။

အဘမင်းသိင်္ခ
ဆက

Tuesday, May 10, 2011

သင်၏ ချစ်သူရွေးချယ်သောအရောင်များမှတဆင်.

အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။
 

ကျန်းမာရေး

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။

ယောက်ျားလေးများဖတ်ဖို.

(၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။

(၂) ကောင်မလေး လှလှလေးတွေကို ငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက် မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။

(၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကို သင်လုံးဝ အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူအနိုင်ကျင့်တယ်ဆိုလည်း ကောင်းတဲ့အရာလေးတွေတွေ့တိုင်း သင့်ကို သူပထမဆုံး သတိရတတ်လို့ပါပဲ။

(၄) ချစ်သူငိုတဲ့အခါ ချော့ပါ... စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ ချော့ပါ။

(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။ သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။

(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူမျှော်လင့်တတ်တယ်။

(၇) "ဘယ်သွားရင် ကောင်းမလဲ?" "ဘာစားရင် ကောင်းမလဲ?" လို့ ချစ်သူမေးတဲ့အခါ "ခင့် သဘော.. ခင်ကြိုက်တာစား" ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်။

(၈) "ခင့်ကိုချစ်တယ်" လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။

(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။

(၁ဝ)
အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ... ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။


(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။

(၁၂)
သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။


(၁၃)
သင့်ကို သူလွမ်းတယ်လို့ ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။


(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာ ရှိမနေခဲ့ရင် အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။

(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့ မမေ့ပါနဲ့။

(၁၆)
ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။


(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။

(၁၈)
နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့် ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။
သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။

(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။

(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုစေနဲ့။ ကောင်မလေးတစ်ယောက်တည်းကို ကြည့်တဲ့အကြည့် ငါးကြိမ်ထက် မပိုစေနဲ့။

(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။

(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့ မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာမဟုတ်ဘူးနော်း)

(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel - ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)

(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။

(၂၅)
သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန် ဖြေရှင်းဖို့ မကြိုးစားပါနဲ့။


(၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။

(၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။

(၂၈) အကျိုးအကြောင်းမသင့် သူပြောတာဟာ သူရိုင်းစိုင်းတာ မဟုတ်ပါဘူး။ သူချွဲနွဲ့တာပါ။

(၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူ မျှဝေလိမ့်မယ်။ သူပြောသမျှ သင်နားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမယ့် သူပြောသမျှ သင်နားထောင် ဟန်ဆောင်လိုက်ပါ။

(၃ဝ) သူမှန်တယ်လို့ အမြဲထင်မြင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ သူ့အချစ်ဆုံးဖြစ်နေလို့ပါပဲ။

မူရင်း--ထဲက ကြိုက်တဲ့အချက်(၃ဝ)ကို ယူပါတယ်။ http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=274796&mid=0&page=16

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မိန်းကလေးများရင်ထဲကစကား

(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။

ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။


(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။

တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။

လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက "အမှတ်တရ"ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။

(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့... ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့..... ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။

(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။

ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။

(၁ဝ) မိန်းကလေးများ တစ်ခုခု စိတ်ကြိုက်ဖြည့်စွက်ပါ...

အင်တာနက်ပေါ် ရှာဖွေဘာသာပြန်သည်။

နိုင်းနိုင်းစနေ

ကိုယ်.ကိုကိုချစ်တဲ.မိန်းမ.........

အသိဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သိနားလည်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုချစ်မှ သူတစ်ပါးရဲ့အချစ်ကိုရမယ်၊ သူတစ်ပါးကို ချစ်တတ်မှာဖြစ်တယ်။ တစ်ခါက ကျွန်မကို မေးတဲ့မေးခွန်းတစ်ခုကို ကျွန်မ ဒီလိုပြန်ဖြေခဲ့တယ်။

တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်မရှိရင် ချစ်စရာကောင်းအောင် နေပါ။
တကယ်လို့ ချစ်စရာကောင်းအောင်လည်း မနေတတ်ဘူးဆိုရင် စိတ်နေစိတ်ထားကို မြှင့်တင်ပါ။
တကယ်လို့ စိတ်နေစိတ်ထားကို မမြှင့်နိုင်ရင် နူးညံ့သိမ်မွေ့ပါ။
တကယ်လို့ နူးညံ့သိမ်မွေ့တာလည်း နားမလည်ဘူးဆိုရင် အကျင့်သီလရှိပါ။
တကယ်လို့ အကျင့်သီလရှိတာလည်း မလုပ်နိုင်ဘူးဆိုရင် ပြုံးရယ်ပါ။
ပြုံးရယ်တာဟာ အလှဆုံးဘာသာစကားဖြစ်တယ်။ ဘယ်သူကမှ သင့်ရဲ့အပြုံးအရယ်ကို မဟန့်တားနိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး။ တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်ရှိခဲ့ရင်လည်း စာများများဖတ်ပြီး အသိပညာတိုးပွားအောင် လုပ်ပါ။ အကြောင်းက အချိန်ရဲ့တိုက်စားချက်ကြောင့် လှပတဲ့ရုပ်ရည်တွေဟာ တစ်ချိန်ချိန်မှာ အိုမင်းသွားတတ်တယ်။ စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိပညာတွေက နှစ်ချို့ဝိုင်တွေလို နှစ်ကြာလေ တန်ဖိုးရှိလေဖြစ်တယ်။ နောက်ပြီး တစ်ခုမှတ်ထားရမှာက အမြဲတမ်း နုပျိုပျော်ရွှင်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

မိန်းကလေးတွေ ချွဲနွဲ့တတ်တာ၊ အလှပြင်တတ်တာ၊ ပေါင်တံလေးဖြောင့်စင်းအောင် ဂရုစိုက်တတ်တာတွေကို ယောက်ျားလေးတွေ လိုချင်ကြတယ်၊ ယောက်ျားလေးတွေ ဂရုစိုက်ကြတယ်လို့ မိန်းကလေးအများက မှားမှားယွင်းယွင်း ထင်ခဲ့ကြတယ်။ တကယ်တမ်း ယောက်ျားလေးတွေ ပိုဂရုစိုက်၊ ပိုလိုချင်တာက မိန်းကလေးရင်ထဲက ထွက်ပေါ်လာတဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျန်းမာတဲ့၊ နေရောင်လိုလင်းလက်တဲ့ စိတ်နေသဘောထားတွေဖြစ်တယ်။ ဒီအရာတွေက မိန်းကလေးကိုယ်ပေါ်မှာ ဝတ်စားထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ တိုင်းတာ၊ အစားထိုးလို့ မရနိုင်ပါဘူး။



နိုင်းနိုင်းစနေ blog မှ........

ရေနဲ.တူတဲ.မိန်းမ..

ဒီလိုစကားတစ်ခွန်းကို ကျွန်မ အရမ်းသဘောကျခဲ့တယ်။ "မိန်းမတစ်ယောက်ဟာ ရေလိုကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ရှိရင် သူဟာ ရေနဲ့တူတဲ့မိန်းမပါ"တဲ့။ ရေလိုပျော့ပျောင်းနိုင်သလို၊ ရေလိုအင်အားကြီးမားနိုင်တဲ့ ဒီလိုမိန်းမမျိုးဟာ စိတ်သဘောထားကြီးမြတ်တယ်၊ အမျှော်အမြင်ရှိတယ်၊ အကြင်နာကရုဏာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တယ်၊ လူတွေကို ကူညီ၊ ဂရုစိုက်တတ်တယ်။ ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်ခြင်းသက်သက်နဲ့ပဲ ပေးဆပ်တယ်၊ ဒီလို မိန်းမမျိုးဟာ မိသားစုကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မိန်းမမျိုးဖြစ်တယ်။


နိုင်းနိုင်းစနေ blog မှ...........

Monday, May 9, 2011

ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် ဘာလိုအပ်သလဲ

ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အချစ် လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့ အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ်။ ဥပမာ-- ဂရုစိုက်တဲ့အချစ်၊ ကရုဏာအချစ်၊ တန်ဖိုးထားတဲ့အချစ်တွေဖြစ်တယ်။ အမျိုးသမီးရှုထောင့်ကနေ ပြောရရင် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ဘတ် အနက်ရှိုင်းဆုံးနေရာမှာ အချစ်ကို တောင့်တမျှော်လင့်တတ်ကြတယ်။ တစ်ခါတလေမှာ အိမ်ထောင်ရေးထဲက အချစ်ဟာ ရိုးရှင်းသာမန်လွန်းပါတယ်။ ရိုးရှင်းတဲ့ အပွေ့အဖက်လေးတစ်ခု၊ ဂရုစိုက်တဲ့ စကားတစ်ခွန်း၊ ကြင်နာတဲ့ အကြည့်တစ်ချက်၊ ရေအေးလေးတစ်ခွက်၊ တိုရှင်းတဲ့ စာတိုလေးတစ်ကြောင်း၊ စိတ်လိုလက်ရ အပြုံးလေးတစ်ခုက သင့်အနားမှာရှိတဲ့ အမျိုးသမီးကို ကာလအတိုင်းအတာတစ်ခုအထိ ဒါမှမဟုတ် တစ်သက်တာ ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။ အဓိက,က သင့်စိတ်ထဲမှာ ဇနီးမယားအတွက် အဆုံးမဲ့တဲ့အချစ် ရှိနေဖို့ပဲ လိုပါတယ်။

အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊
အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့ ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။

နိုင်းနိုင်းစနေ blog မှ........

အချစ်ကိုရွေးတာလား အိမ်ထောင်ရေးကိုရွေးတာလား

တချို့အချစ်တွေက ဘဝရဲ့အစမ်းသပ်ကို မခံနိုင်ခဲ့ကြဘူး။ ခါးသီးတဲ့ဘဝရဲ့ သံခြေဖနှောင့်အောက်မှာ သေဆုံးသွားတတ်ကြတယ်။ တချို့ အိမ်ထောင်ရေးက အချစ်ကိုပေါက်ဖွားစေတယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့အချစ်နဲ့ အိမ်ထောင်ရေးကို ရွေးတတ်ဖို့ အရေးကြီးတယ်။

ပျော်ရွှင်ခြင်းဆိုတာ အချစ်တွေ အမှတ်တမဲ့ဓာတ်ပြုပြီး ဖြစ်လာတဲ့ ဓာတုတုန့်ပြန်မှုတွေ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်ထောင်ရေးထဲက မငြိမ်းတဲ့အချစ်မီးကို ရှာဖွေတာဖြစ်တယ်။ ဒါကြောင့် အိမ်ထောင်ရေးအတွက် "သင့်တော်မှန်ကန်တဲ့လူ" တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်။ သင့်တော်မှန်ကန်တဲ့လူအပေါ်မှာသာ အချစ်မီးကို ဘဝဆုံးအထိ မငြိမ်းတမ်းထွန်းညှိနိုင်မှာဖြစ်တယ်။

အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ်တယ်။ ချစ်သူကို တမ်းတလိုက်ရုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားပြီး ရင်ခုန်သွားစေတဲ့အရာဖြစ်တယ်။

ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။

ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။

ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ်။ အချစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း သတ္တိရှိရှိ ရင်ဆိုင်နိုင်တယ်။ အချစ်ဟာ ရောဂါဝေဒနာကို ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်မျိုးဖြစ်သလို ဘေးသင့်စေတတ်တဲ့ဆေးလည်း ဖြစ်တယ်။ အချစ်နဲ့ပတ်သက်တဲ့ တွေဝေခြင်း၊ ငြင်းခုန်ရန်ဖြစ်ခြင်း၊ သံသယရှိခြင်း၊ ထိခိုက်နာကျင်စေခြင်း စတာတွေဟာ အချစ်ဘေးသင့်တာတွေဖြစ်တယ်။ ဒါပေမဲ့လည်း ဒီဘေးသင့်တာတွေက အချစ်ကို လိုချင်တောင့်တသူတွေ၊ ကိုးကွယ်ချင်သူတွေရဲ့ ခြေလှမ်းကို မဟန့်တားနိုင်ခဲ့သလို အချစ်အကြောင်း ကဗျာတွေ၊ စာတွေဖွဲ့နေသူတွေရဲ့ ကလောင်သွားကိုလည်း မတုံးစေခဲ့ပါဘူး။ အချစ်မရှိတဲ့ဘဝမှာ ပြည့်စုံလှပတဲ့ဘဝမဟုတ်သလို အချစ်မရှိတဲ့နေ့ရက်တွေက တကယ့်နေ့ရက်မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။


နိုင်းနိုင်းစနေ blog မှ.........

အချစ်ဒိတ်လွန်နေ.စွဲ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်းပြောဖြစ်တိုင်း လင်မယားသံယောဇဉ်အကြောင်းနဲ့ လန်းဆန်းတဲ့အိမ်ထောင်ရေးအကြောင်းတွေ ကျွန်မတို့ပြောဖြစ်ကြတယ်။ အိမ်ထောင်သက် နှစ်အကြာကြီးထဲမှာ လင်ယောက်ျားနဲ့ ချစ်ခင်သင့်မြတ်နေတဲ့ကျွန်မကို လုပ်ဖော်ကိုင်ဖက်တွေက အားကျကြတယ်။ ကျွန်မကို အချစ်နဲ့အိမ်ထောင်ရေးအကြောင်း စာအုပ်ထုတ်ပါလို့ အကြံပေးကြတယ်။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေ ပြောသလောက်လည်း ကျွန်မ,မစွမ်းပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ထင်မြင်ယူဆချက်တချို့ကို အများနဲ့မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ blog မှ .....

ဟာသ...

အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

ပေါ့ပေါ့ပါးပါး ရယ်ရုံသက်သက်မျှသာ.. ဖတ်ဖူးတာကို ဘာသာပြန်မျှဝေပါသည်။

နိုင်းနိုင်းစနေ

အိမ်ထောင်ရေး (၃)မျိုး

ပထမအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။
ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။
ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။
ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။
တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။
အခုခေတ် လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။
အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။
ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။
ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး ကျူံ့ဝင်ခြောက်ကပ်သွားနိုင်တယ်။
အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။
ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက “ကွာရှင်းမယ်”ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။ သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။
ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။
အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။
တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဥာဏ်တွေကိုပေးတယ်။
ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။
ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့ လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။
မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။
ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။
မူရင်းရေးသားသူ– Liu Yanmin (刘燕敏) (ဒီနေရာမှာ စာရေးဆရာရဲ့စာတွေ တသီကြီးဖတ်နိုင်ပါတယ်)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကျန်းမာရေး

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။
ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်
Read more…

Friday, May 6, 2011

တရုတ်ထမင်းကြော်

ထမင်းကြော်ကြော်တော့မယ်ဆိုရင်
ကြက်သား (သို့မဟုတ်) အသားတမျိုးမျိုး
ပြောင်းဖူး
သီဟိုဠ်စေ့
ပဲသီး
မုန်လာဥနီ (ခါကြက်ဥ)
စပျစ်သီးခြောက်
ဂေါ်ရခါးသီး
ကြက်သွန်မြိတ် စတာတွေလိုအပ်ပါတယ်။
ထမင်း စ ကြော်မယ်ဆိုလျှင် ဆီပူပူမှာ ဆား၊ အချိုမှုန့် (သို့မဟုတ်) ကြက်သား
မှုန့် နယ်ထားတဲ့အသားကို ကြော်ပါ။ အသားအနည်းငယ်ကျက်ပြီဆိုလျှင်
ဖယ်ထားပါ။ ကျန်တဲ့ဆီနဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာ ထည့်ပါ။ အနံ့
မွှေးလာလျှင် မုန်လာဥနီ၊ ပဲသီး နှင့် ဂေါ်ရခါးသီး ကဲ့သို့  မာတဲ့အသီးအနှံ များ
ကိုထည့်ကြော်ပါ။ ပြီးလျှင် ပြောင်းဖူး၊ ကြက်သွန်မြိတ် စတဲ့အကျက်မြန်တဲ့
အသီးအနှံများကို နောက်မှထည့်ပါ။ ပြီးလျှင် ဖယ်ထားသောအသားပါ
ထည့်ကြော်ပါ။ ဟင်းသီးဟင်းရွက် များနှင့် ထမင်း ဖွထားတာကို ရောကြော်ပါ။
မီးအရှိန်အနည်းငယ်မြှင့်ပြီး စပျစ်သီးခြောက်များကို ဆယ်ထည့်ပါ။ ပဲငံပြာရည်
ဆားအနည်းငယ်စီထည့်ပါ။ ဒယ်အိုး ကို ကစားပေးပြီး၊ မွှေလျှင်လဲ အသာအယာ
မွှေပါ။ သကြားအနည်းငယ်၊ ငရုပ်ကောင်းအနည်းငယ်ထည့်ပါ။ အနံ့တော်တော်
မွှေးလာလျှင် အပေါ့အငံမြည်းပြီးချနိုင်ပါပြီ။ နောက်ဆုံးမှာတော့ စောစောက
ဆီနှင့် လှော်ထားသော သီဟိုဠ်စေ့များ ဖြူးလိုက်ပါ။
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမင်းကြော်ပူပူလေး အသင့်သုံးဆောင်နိုင်ပါပြီနော်။

သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ ၁ဝ မျိုး

သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ ၁ဝ မျိုးရှိပါတယ်။ သင့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး သတိ မထားလိုက်မိတဲ့ အစားအစာတွေ ထဲမှာ သင့်ကို အကျိုးပြု အာဟာရတွေ ရှိပါတယ်။

၁။ ဟင်းခတ် အမွှေးအကြိုင်များ
အီတလီ လူမျိုးတွေဟာ ဟင်းထဲမှာ ဟင်းခတ် အမွှေးအကြိုင် တချို့ကို ထည့်စားတတ်ကြပါတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား တွေကို တိုက်ထုတ်နိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ သဘာဝ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစားအစာ အဖြစ် ဟင်းတွေထဲမှာ ထည့်ချက်သင့်ပါတယ်။
၂။ အမဲသား
အာဟာရ ပြည့်စေတဲ့ အသားတစ်မျိုး ဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပါတယ်။
၃။ ကြက်သွန်မြိတ်
သွေးဖိအား ကျစေပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ရော၊ ခန္ဓာပါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။
၎။ ထောပတ်သီး
ထောပတ်သီးမှာ သဘာဝ အဆီနဲ့ ကျန်းမာရေး အတွက် လိုအပ်တဲ့ အဆီတွေ ပါဝင်တာကြောင့် အရေပြား ခြောက်သွေ့မှုကိုလည်း ကာကွယ်နိုင်ပါတယ်။
၅။ သစ်ကြံပိုးခေါက်
ဟင်းထဲ ထည့်ချက်ရာမှာ အရသာရှိလှတဲ့ သစ်ကြံပိုးခေါက်ဟာ သွေးတွင်း သကြားဓာတ်ကို ကျစေပါတယ်။
၆။ ပန်းဂေါ်ဖီစိမ်း
ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေမယ့် အစိမ်းရင့်ရောင် အစားအစာပါ။ ကင်ဆာရောဂါဖြစ်နှုန်းကို လျော့ကျစေတာကြောင့် နေ့စဉ် စားသင့်ပါတယ်။
၇။ ဆီးချိုသီး
သွးကြော ကျဉ်းတာနဲ့ သွေးခဲ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။
၈။ ဖရဲသီး
ဗီတာမင်ဘီစစ် ပါဝင်ပြီး ကျန်းမာရေး အတွက် အံ့သြလောက်အောင် အထောက်အကူပြုတဲ့ သဘာဝ အာဟာရ ဖြစ်ပြီး အရေပြား ကိုလည်း ကျန်းမာစေပါတယ်။
၉။ ပြောင်းဖူး
ဘိုင်အိုတင် (Biotin) ဓာတ် ပါဝင်ပြီး သင့်ဆံသားကို သန်မာ ရှင်သန်စေတဲ့ အာနိသင် ရှိပါတယ်။
၁ဝ။ ပန်းသီး
ပန်းသီးဟာ ခန္ဓာကိုယ် အလေးချိန် ကျချင်သူတွေ အတွက် အရေးပါတဲ့ အာဟာရ တစ်မျိုးပါပဲ။ သကြားဓာတ် ပါဝင်ပြီး အမျှင်ဓာတ် လည်း ပါဝင်ပါတယ်။ သဘာဝ အချိုဓာတ် ဖြစ်ပြီး အစာလည်း ခံတာကြောင့် အချိန်ကြာကြာ အစာ စားချင်စိတ်ကို ထိန်းချုပ် နိုင်ပါတယ်။

Thursday, May 5, 2011

မုန်ညင်းချဉ် မုန်လာချဉ် နည်းလုပ်

(မုန်ညင်းချဉ် မုန်လာချဉ် နည်းလုပ် )
လိုအပ်သောပစ္စည်း-
မုန်ညင်းစိမ်း ထွားထွား...........၅ ပင်၊
ထမင်းရည် ..........................မတ်ခွက်နှင့် ၃-ခွက်ခန့်၊
ဆား...................................လက်တဆုပ်ခန့်၊
နနွင်း..................................အနည်းငယ်၊

မုန်ညင်းစိမ်းများကို အမြစ်ဖြတ်၊ ရေဆေးပြီး တနေ့မျှ အရိပ်ထဲ၌ လှန်းထား၊ နေ့လယ်လောက်မှာ အရွက်များ နွမ်းလာလျှင် အချဉ်ထည့်နိုင်ပါပြီ။ မုန်ညင်းပင်များကို နေပူမှာ မလှန်းရပါ။ ခြောက်ကပ်ပြီး စားမရနိုင် ဖြစ်သွားတတ်သည်။

စဥ့်အိုး၊ သို့မဟုတ်-ပုလင်းကြီး သန့်သန့်တွင် မုန်ညင်းပင်များကို ခွေပြီး သိပ်ထည့်ပါ။ အပေါ်မှ ဆားနှင့် နနွင်း ပုံပါ။ စဥ့်အိုး သို့မဟုတ်-ပုလင်း တ၀က်ခန့် ရောက်အောင် ထမင်းရည်ကို အအေးခံပြီး လောင်းထည့်ပါ။ ပျစ်ခဲ မနေအောင် ရေ ရိုးရိုးကို ပုလင်း သို့မဟုတ်-ချဉ်အိုးပြည့်သည်အထိ မြှုပ်အောင် လောင်းထည့်ပါ။ ဆား၊ နနွင်းကို ရေမှာ ပျော်ဝင်အောင် လက်ဖြင့် လှုပ်ပြီး အပင်တွေ ရေမြှုပ်လျှင် အိုးဖုံးကို လုံအောင် ဖုံးပြီး သုံးရက်ခန့် ထားလိုက်ပါ။ သုံးရက်ခန့်ကြာလျှင် ရေလည်း ချဉ်၊ အပင်တွေလည်း ချဉ်ပါလိမ့်မည်။ ဆားမပေါ့စေနှင့်၊ မုန်လာကိုလည်း ထိုနည်းအတိုင်း လုပ်နိုင်သည်။

ပြောင်းဖူးနှင့် နှလုံးရောဂါ

ပြောင်းဖူးနှင့် နှလုံးရောဂါ

ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။

ပြောင်းဖူးသည် ပူနွေးစိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံတမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရာသာရှိသည့်အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။

ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။

ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံးသွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု ကနေဒါဆေးသိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်။